နေပြည်တော် နိုဝင်ဘာ ၂၉

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်း တွင် ဇမ္ဗူသီရိမြို့နယ် ဂုဏ်မင်းအင်းကျေးရွာတွင် ရေဆင်းစပ်မျိုးနေကြာစိုက်ပျိုးနေမှု၊ ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာရှိ ဂရိတ်ဝေါလ်တူမောရိုး မျိုးစေ့ထုတ်စိုက်ပျိုးရေး ကုမ္ပဏီလီမိတက်မှ မျိုးစေ့ထုတ်လုပ်နေမှုနှင့် နေပြည်တော်ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ဥယျာဉ်အတွင်း စိမ်းလန်းစိုပြည် ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရီမြို့နယ် ဂုဏ်မင်းအင်းကျေးရွာ ကွင်းအမှတ် ၁၆၅၄  တောင်သူ ဦးအောင်စိုး၏ လယ်ယာမြေတွင် နေပြည်တော်စက်မှု လယ်ယာဦးစီး ဌာနမှ  ထွန်စက်နောက်ဆွဲ အစေ့ချကိရိယာများဖြင့် ရေဆင်း()စပ်မျိုး နေကြာ  ၁၅ ဧက စိုက်ပျိုး နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအနီးရှိ ဂရိတ်ဝေါလ်တူမောရိုး မျိုးစေ့ထုတ်စိုက် ပျိုးရေးကုမ္ပဏီ လီမိတက်သို့ ရောက်ရှိပြီး စက်ရုံအတွင်း GW-11 မျိုးစပါးသန့်စင်ခြင်းနှင့် မျိုးစပါး အိတ် ထည့်သွင်းချုပ် လုပ်နေမှုကို ကြည့်ရှုအားပေးကာ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်စပါးမျိုးများကို တောင်သူများအား ဖြန့်ဖြူးပေးနိုင်ရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။

 

ယင်းနောက် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ရေပန်းဥယျာဉ်တွင် အများပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရေးအတွက် ရေပန်းဥယျာဉ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ဥယျာဉ် အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များကို လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)