နေပြည်တော် ဇန်နဝါရီ ၂၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဂုံမင်းအင်း ကျေးရွာအနီး၊ ငလိုက်လက်ယာမြောင်း ဆည်ရေသောက်စနစ် JICA အဆင့်မြင့်လယ်ယာ ပင်မရေပေးမြောင်းကို RD-ပေ ၈၀၀ မှ ၂၆၀၀ အတွင်းအုတ်မြောင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် JICA အဆင့်မြင့်လယ်ယာ ပင်မရေပေးမြောင်းမှ နွေစပါး စိုက်ပျိုးနိုင်ရေး စီစဉ်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ငလိုက်လက်ယာမြောင်း ဆည်ရေသောက်စနစ် JICA အဆင့်မြင့်လယ်ယာ ပင်မရေပေးမြောင်းကို အုတ်မြောင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပေးခြင်းဖြင့် ရေပေးမြောင်း၏ မူလဒီဇိုင်းရေထုစီးနှုန်း ပြည့်မီစွာဖြင့် ဆည်ရေသောက် ဧရိယာဧက ၂၂၀ ကို ရေလေလွင့်ဆုံးရှုံးမှုမရှိစေဘဲ အဖျားပိုင်းရှိ လယ်မြေများအထိ စိုက်ပျိုးရေပေး ဝေနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ဂုံမင်းအင်းကျေးရွာအနီးတွင် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်း ကျေးရွာအုပ်စုအနီး ကွင်းအမှတ် ၁၆၅၉ ၊ ဦးပိုင်အမှတ် ၄၀ ၊ တောင်သူ ဦးကျော်မြင့်ဦး၏ စိုက်ဧက ၁ ဒသမ ၃၀ တွင် နေကြာသီးနှံမျိုးများဖြစ်သည့် Russia Nozma ၊ Russia Bravo ၊ China S 606 နှင့် ရေဆင်းစပ်မျိုး(၁)နေကြာ စသည့် နေကြာသီးနှံ မျိုးယှဉ်ပြိုင် စမ်းသပ် စိုက်ပျိုးနေမှု ကို သွားရောက် ကြည့်ရှုအားပေးရာ တာဝန်ရှိသူများ နေကြာသီးနှံ မျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးနေမှုအခြေအနေများနှင့် ဝတ်မှုန်ကူးယှက်မှုကောင်းအောင် ပျားအိမ်များ ချထားမှုကို ရှင်းလင်းတင်ပြကြရာနေပြည်တော်ကောင်စီဥက္ကဋ္ဌက ခေတ်မီနည်းစနစ်များ၊ နည်းပညာများဖြန့်ဝေခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက ဆောင်ရွက်ရမည်ဖြစ်ပြီး တောင်သူများအနေဖြင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ရွာမ ကျေးရွာအုပ်စု ကွင်းအမှတ် ၁၆၇၂ ၊ နယူးဧရာကုမ္ပဏီပိုင် ၈၅ ဧကစိုက်ခင်းတွင် အင်ဂျင်သုံး လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးနေခြင်းသရုပ်ပြသမှုကို သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ကံလှ ကျေးရွာအတွင်းရှိ ဦးဌေးထက်၏ မြရတနာဆန်စက်လည်ပတ်နေမှုနှင့် စပါးအခြောက်ခံ လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လယ်ယာကဏ္ဍ နှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းများရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း၊ စိုက်နည်းစနစ် မှန်ကန်ရန်လည်း လိုအပ်ပါကြောင်း၊ ထို့အပြင် Export Quality အဆင့်မီသည့် ထုတ်ကုန်များ တိုးတက်ထွက်ရှိအောင် ကြိုးစားထုတ်လုပ်ကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအကောင် အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့မိ/မြို့ဖများက ဒေသဖွံဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


