နေပြည်တော် မတ် ၁၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်ပြီး ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ပေးလျက်ရှိသည့် အခန်းတာဝန်ကျ ကြီးကြပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထောက်အကူပြုအဖွဲ့များအနေဖြင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန်၊ စာမေးပွဲဖြေဆိုသူနှင့် စာမေးပွဲလုပ်ငန်းများ အနှောင့်အယှက်မဖြစ်စေရန် ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ စာမေးပွဲဖြေဆိုသည့် စာဖြေခန်းအတွင်း လေဝင်လေထွက် ကောင်းမွန်ရေး၊ အလင်းရောင်လုံလောက်စွာရရှိရေး၊ စာမေးပွဲကို စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အောင်မြင်အောင် ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) အ.လ.က(၃) စာစစ်ဌာနသို့သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စာစစ်ဌာန စုစုပေါင်း ၄၇ ခုတွင် စာမေးပွဲဖြေဆိုရန် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၂၉၂၆ ဦး စာရင်းပေးသွင်းကြပြီး ၁၂၄၅၃ ဦး ဝင်ရောက်ဖြေဆိုရာ ရာခိုင်နှုန်းအားဖြင့် ၉၆ ဒသမ ၃၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
သတင်းစဉ်