နေပြည်တော် မတ် ၁၁

 

၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ စားသုံး သူရေးရာဦးစီးဌာန(ရုံးချုပ်)နှင့် မူပိုင်ခွင့်ဦးစီးဌာန(ရုံးချုပ်)တို့မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စားသုံးသူရေးရာကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ကုန်သည် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် အလေးထားကျင်းပလျက်ရှိကြပြီး ယခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့၏ ဆောင်ပုဒ်မှာလူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့ဆိုသည့် ဆောင်ပုဒ်ကို ကမ္ဘာ့ စားသုံးသူသမဂ္ဂမှ ရွေးချယ်သတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူ အခွင့်အရေးများကိုသိရှိမှသာ မိမိတို့ရရှိမည့်အခွင့်အရေးများကို သိရှိတောင်းဆိုနိုင်မည်ဖြစ်ကြောင်း၊  စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းရခြင်းရည်ရွယ်ချက်တွင် စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိနိုင်စေရန်နှင့် စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် လူနေမှုဘဝအစဉ်တည်တံ့စေရန် အတွက်မျှတသော အသွင်ကူး ပြောင်းရာတွင် ပါဝင်သူအားလုံး အခွင့်အရေး တန်းတူအညီအမျှ ရရှိစေရန်နှင့် အကျိုးကျေးဇူး ခံစားနိုင်ရန် ဆောင်ပုဒ်နှင့်အညီ စားသုံးသူပြည်သူများအားလုံး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် ပြောကြားသည်။

 

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆိုင်ရာများကိုလည်းကောင်း၊ မူပိုင်ခွင့်ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးက မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ ကို လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူးက အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှု Video Clip ပြသပြီး၊ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများက ဂုဏ်ပြုသီချင်းဖြင့် တေးသရုပ်ဖော်အက၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ခေါင်းစဉ်ဖြင့် သရုပ်ဖော်အကများဖြင့် တင်ဆက် ကြသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများသည် နေပြည်တော်စားသုံးသူရေးရာဦးစီး ဌာနမှ ခင်းကျင်းပြသထားသည့် ပြခန်းများ၊ နေပြည်တော်ဒေသထွက် MSME ထုတ်ကုန်များတွင် FDA ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုစိစစ်ထားသော ကုန်စည်များကို  လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်