နေပြည်တော် ဩဂုတ် ၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုနယ်မြေ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများအနေဖြင့် မိုးလေဝသဖြစ်စဉ်များကို မပျက်လေ့လာပြီး မိမိတို့ဒေသတွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ကူညီကယ်ဆယ်ခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာများ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူလူထုများနှင့် ပူးပေါင်းပြီး အချိတ်အဆက်မိမိဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အစီအမံများချမှတ်ပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စီမံခန့်ခွဲမှုကိစ္စရပ်များကို သက်ဆိုင်ရာဌာနအားလုံးက မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် နည်းလမ်းမှန်မှန်ဖြင့် အကောင်းဆုံး ကူညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် သီးနှံများ ရေကြီးနစ်မြုပ်မှုနှင့် ပတ်သက်၍ ရေပြန်ကျသည့်အခါ ပျက်စီးဆုံးရှုံးမှု အပေါ်မူတည်၍ ပြန်လည်ကုစားပေးရန် နည်းလမ်းများနှင့် အစီအမံများ ကြိုတင်ရေးဆွဲထားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များက နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ဇာတ်တိုက်လေ့ကျင်ဆောင်ရွက်မှုများ၊ ကူညီကယ်ဆယ်ရးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဆောင်ရွက်မည့် အစီအမံများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇူလိုင် ၂၉ ရက်က မိုးသည်းထန် စွာရွာသွန်းမှုကြောင့် လယ်ဝေးမြို့နယ်၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ ဂုဏ်မင်းမျှောင် ကျေးရွာအဝင် တံတားအရှည် ၂၈ ပေ၊ အကျယ် ၁၇ ပေရှိ ပျဉ်းခင်း၊ ပျဉ်ကာ၊ ကွန်ကရစ်တိုင် တံတားရေတိုက်စားမှုကြောင့် ပျက်စီးခဲ့မှုကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ယာယီ ဘေလီတံတားကို အမြန်တည်ဆောက်ပေးပြီး လက်ရှိပျက်စီးခဲ့သည့် တံတားအား အမြန်ပြန်လည် တည်ဆောက်နိုင်ရေး တာဝန်ရှိသူများကိုမှာကြားပြီး ဂုဏ်မင်းမျှောင် ကျေးရွာအနီး တောင်သူများ စိုက်ပျိုးထားသည့် စပါးခင်းများနှင့် ဆီးထွက်သီးနှံ နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဆင်အုံရေလှောင် ကန်၏အရှေ့ဘက်ခြမ်း၌ ရေတားအဖြစ်တည်ရှိသည့် သဘာဝကုန်းတန်းရေကျော် ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)


