နေပြည်တော် ဇန်နဝါရီ ၂၃

နေပြည်တော် လယ်ဝေးမြို့နယ် ပျံချီကျေးရွာ “သီရိအလင်းရောင်”စာကြည့်တိုက်နှင့် ပန်းတင်ကျေးရွာ “ရွှေပန်းတင်” စာကြည့်တိုက် အဆောက်အဦအသစ် ဖွင့်ပွဲအခမ်းအနားများကို ယနေ့ နံနက် ပိုင်းတွင် သက်ဆိုင်ရာစာကြည့်တိုက်မျက်နှာစာများ၌ ကျင်းပရာ နေပြည်တော် စာကြည့်တိုက်များဖွံ့ ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။ 

ဦးစွာ “သီရိအလင်းရောင်”နှင့် “ရွှေပန်းတင်”  စာကြည့်တိုက်အဆောက်အဦအသစ်များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်နှင့် ကျေးရွာရပ်မိရပ်ဖတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားကာ စာကြည့်တိုက် ဆိုင်ရာအချက်အလက်များကို သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများထံ လွှဲပြောင်းပေး အပ်ပြီး  စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ၊ MRTV DTH စလောင်းနှင့် MRTV DVB- T2 Set Top Box တစ်စုံစီကို လည်းကောင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ကာ စာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် လယ်ဝေးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဇာတိမာန် တေးသီချင်းဖြင့် သီဆိုတင်ဆက်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားကာ မြန်မာနိုင်ငံလူငယ်ရေး ရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး စာရေးဆရာ ရေနံ့သာမောင်ကျော်ညွန့်က “စာထဲက အရသာ” ခေါင်းစဉ်ဖြင့် အသိ ပညာပေးဟောပြောသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်း ၂၀ ကို ကျောင်းတာဝန်ခံ ဆရာမဒေါ်စန္ဒာသန်း ထံလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းအတွက် စာအုပ်များနှင့် အားကစားပစ္စည်းများကို မြို့နယ်ပညာရေးမှူး ဦးအောင်လွင်ထံ လည်းကောင်း ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် နေပြည်တော် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  တက်ရောက် အမှာစကားပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်