နေပြည်တော် မတ် ၁၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ဘူတာရှေ့ သံလွင်လမ်းမကြီး လမ်းဘေးဝဲ/ယာ ၊ ကားလမ်းမကြီးနှင့် ရထားသံလမ်းကြားတွင် နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများက ချုံနွယ်များ၊ ပေါင်းမြက်များ၊ အမှိုက်များရှင်းလင်းခြင်းစသည့် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇေယျာသီရိမြို့၊ သစ်တပ်ကျေးရွာအုပ်စု၊ ပင်းလောင်းလမ်းဘေး ကွင်းအမှတ် ၁၆၁၉ ကွင်းရှိ ယာယီရှင်းလင်းတွင် နွေးသီးနှံ စိုက်ပျိုးမည့်တောင်သူများနှင့် တွေ့ဆုံပြီး တောင်သူများကို နှမ်းမျိုးစေ့များနှင့် သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်ပြီး ကြို့ပင် ရေမြှင့်ရေထိန်း ရေတံခါးအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။ 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြန်မာ့တိုင်းရင်း ဆေးသမားတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုလှုပ်ရှားမှု ဆေးကုသပေးခြင်း ဆောင်ရွက်နေမှုကိုလည်းကောင်း အမျိုးသားပရဆေးဥယျာဉ်အတွင်း မြန်မာ့တိုင်းရင်းဆေးအတွက် အသုံးပြုမည့် ဆေးဖက်ဝင် ပရဆေးပင်များ စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တာဝန်ရှိ သူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပသည့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင် က ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

ထို့နောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးရာ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ကို ရွတ်ဆိုကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီး နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ရွှေခြင်းလုံးအသင်းနှင့် SCL Sport Mediaအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို မတ် ၁၆ ရက်မှ ၂၂ ရက်အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသား သုံးယောက်တွဲပြိုင်ပွဲဝင် အသင်း ၁၃ သင်း၊ အမျိုးသား လေးယောက်တွဲပြိုင်ပွဲဝင် အသင်း ၁၃ သင်းနှင့် အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲဝင် အသင်း ခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်