နေပြည်တော် စက်တင်ဘာ ၂၃

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် (ခုတင်- ၁၀၀၀) ပြည်သူ့ဆေးရုံကြီး အတွင်း၊ အပြင်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားသည်။ 

 

ယနေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြို့နယ်ရှစ်မြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများ၌ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ကျန်းမာ​ရေးဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များ စုစုပေါင်း လူအင်အား ၂၀၀၀ ကျော်ဖြင့်  ဆေးရုံအတွင်း၊ အပြင်ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း၊ အဆောက်အဦ အမိုးအပေါ်တွင် ကျရောက်နေသည့် သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး စုပေါင်းသန့် ရှင်းခြင်းများကို တစ်ပြိုင်တည်းဆောင်ရွက်ကြရာ သက်ဆိုင်ရာ မြို့နယ်များအလိုက် နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)