နေပြည်တော် နိုဝင်ဘာ ၁၇

နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော် ဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဂေါပကအဖွဲ့ရုံး၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သံဝေဇနိယလေးဌာနအား ဘက်စုံပြုပြင် မွမ်းမံရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စေတီတော်အားလုံးသို့ ရေရရှိရေးအတွက် ဆိုလာရေတင်စနစ်ဖြင့် အသုံးပြုရေး၊ အမြဲသန့်ရှင်း သာယာလှပရေးကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက  ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

mdn

 

ထို့နောက် နေပြည်တော် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအတွင်းရှိ မြတ်ဗုဒ္ဓ၏ မဇ္ဈိမခရီးစဉ်မှတ်တမ်း ဓာတ်ပုံပြခန်းနှင့် ဓမ္မာရုံအတွင်းသို့လည်းကောင်း၊ နေပြည်တော်- တပ်ကုန်းသွား အမှတ် (၁) လမ်းမကြီးပေါ်ရှိ တောင်ကျချောင်းရေကျော်တွင် ရေစီးရေလာကောင်းမွန်ရေး ထိန်းသိမ်းဆောင်ရွက်မှုအခြေအနေများနှင့် ဓမ္မာရုံမျက်နှာကျက် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ မိဂဓာဝုန်ဘေးမဲ့ဥယျာဉ်ကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး သံဝေဇနိယလေးဌာန (ပွင့်) စေတီတော်တွင် ဘုရားဖူးပြည်သူများနှင့်အတူ ဆီမီးထွန်းညှိပူဇော်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်