နေပြည်တော် မေ ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွန်မှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော် ပြည်သူဆေးရုံကြီး (ခုတင်-၃၀၀)မှ မျက်စိအထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီး (ဆေးပညာ)နှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့က ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၌ နေပြည်တော်အလင်းစီမံချက်ဖြင့် ဒေသခံပြည်သူများ ကို အခမဲ့မျက်စိခွဲစိတ်ကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေး သည်။
ကြည့်ရှုအားပေးစဉ် နေပြည်တော်တိုင်း ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုး၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မျက်စိခွဲစိတ်ကုသမှုခံယူပြီးသည့် လူနာများကို ဆေးမျက်မှန်များ တပ်ဆင်ပေးသည်။
ယင်းနောက် အစည်းအဝေးခန်းမ၌ ဒုတိယညွန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန)နှင့် နေပြည်တော်ကုသရေးဦးစီးဌာနမှူးက နေပြည်တော်အလင်းနှင့် နေပြည်တော်အပြုံးစီမံချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက အထူးကု ဆရာဝန်ကြီးများကို အမှတ်တရသစ်သီးခြင်းပေးအပ်ကာ လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံ ပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အာဟာရနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ပြီး ဆေးရုံအတွင်း မျက်စိကုသဆောင်တွင် ခွဲစိတ်ကုသမှုခံယူနေသည့် လူနာများ၊ ခွဲစိတ်ခန်းတွင် မျက်စိခွဲစိတ်ကုသ၍ ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ယနေ့ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)တွင် နေပြည်တော်အလင်းစီမံချက်ဖြင့် မြို့နယ် များမှ ညွှန်းပို့လာသည့် မျက်စိဝေဒနာရှင် (၄၅)ဦးကို စမ်းသပ်စစ်ဆေး ဆောင်ရွက်ပေးခဲ့ပြီး ခွဲစိတ် ကုသရန်လိုအပ်သည့် လူနာ (၂၇) ဦးကို အခမဲ့ မျက်စိခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု၊ ကွက်သစ် ရပ်ကွက်အတွင်းရှိ ပညာ့အလင်းရောင် စာကြည့်တိုက်သို့ရောက်ရှိပြီး စာကြည့်တိုက်တွင် စာအုပ် စာပေများ စုံစုံလင်လင်ထားရှိနိုင်ရေး၊ လူငယ်လူရွယ်များ စာဖတ်သည့် အခွင့် အလမ်းများ ရရှိရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရရန်နှင့် လိုအပ် သည်များကို မှာကြားပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် ၃၈ ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ဘုရားရှိခိုးနှင့် ပြည်သူ့နီတိစာအုပ်များကို ပေးအပ်လှူဒါန်းခဲ့သည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပရာ နေပြည်တော် အားကစားနှင့် ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့် ကာယပညာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများ တက်ရောက် ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြန်မာ့ဘောလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မား လာစေရေးနှင့် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများကို ကျောထောက်နောက်ခံအဖြစ် အင်အား ဖြည့်တင်းပေးနိုင်ရေးအတွက် နေပြည်တော်အတွင်း လူငယ်ဘောလုံးပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအားလုံး မိမိတို့အသင်းအနိုင်ရရှိစေရန် အနိုင်မခံ အရှုံးမပေးဘဲ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့် အညီ ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာဖြင့် ဆုံးဖြတ်ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း။
ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် ယှဉ်ပြိုင်ကစားသွားကြရန် ပြောကြားပြီး ၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ကို ရွတ်ဆိုကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဒက္ခိဏသီရိမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေး ကြသည်။
၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို မေ ၁၄ ရက်မှ ၂၃ ရက်အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်ရှစ်မြို့နယ်မှ အသက်(၂၁) နှစ်အောက် အမျိုးသားဘောလုံးအသင်း ရှစ်သင်းဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)