နေပြည်တော် ဒီဇင်ဘာ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆောင်းသီးနှံအပြည့်အဝစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၆ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ များက နေပြည်တော်အတွင်း ဆောင်းသီးနှံအပြည့်အဝ စိုက်ပျိုးနိုင်ရေးနှင့်ပတ်သက်၍ လက်ရှိစိုက်ပျိုး ထားရှိမှု အခြေအနေများနှင့် ဆက်လက်စိုက်ပျိုးမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာ ယာရေးကော်မတီဝင်များနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး၏ အနောက်ဘက် ဥယျာဉ်စုကျေးရွာအုပ်စု၊ ဂုံးတောင်ကျေးရွာ ကွင်းအမှတ် ၁၈၇၃ တွင် ဆောင်းသီးနှံ မတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို လည်းကောင်း၊ လယ်ဝေးမြို့နယ်၊ မဒေါ့ပင် ကျေးရွာအုပ်စု၊ မဒေါ့ပင်ကျေးရွာ ကွင်းအမှတ် ၁၈၅၇ တွင် ဆောင်းသီးနှံ မြေပဲစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


