နေပြည်တော် မတ် ၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်ရှိ သုခတော်ဝင်အိမ်ရာအပိုင်း (၁) အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆးသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ကျေးစာဥကျေးရွာအနီးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အင်းနီကန်ကို ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်၊ ကံလှ- ကန်သာ- ကုန်းပေါ်စု- မဒေါ့ပင်- ဂုဏ်မင်းမြှောင်- ထိန်တော- ခြင်ပစ်- ဥသျှစ်လှိုင်း ဆက်သွယ်သည့်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသို့လည်းကောင်း၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၄၅ တောင်သူ ဦးကိုရီ၏ နွေစပါးစိုက်ခင်းတွင် သမန်းနှိုး သရုပ်ပြခြင်းနှင့် နေပြည်တော်အတွင်း သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ချောင်းမငယ် ဆည်ရေအား ဆင်အုံကန်မှတစ်ဆင့် တစ်နေ့လျှင် ရေဂါလံခြောက်သန်း ရေပေးဝေရေးစနစ် ဆောင်ရွက်ခြင်းလုပ်ငန်းအတွက် 11/0.4 KV 1000 KVA Transformer နှစ်လုံးတပ်ဆင်တည်ဆောက်နေမှု အခြေအနေများ ရေပိုက်များသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့် အပ်နှင်းပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်တော်မူမည့် ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ ယာယီတည်းခိုသီတင်းသုံးမည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာသို့ သွားရောက်၍ ဆွမ်းစားဆောင်များ၊ အိပ်ဆောင်များ၊ ဆေးပေးခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
မွန်းလွဲပိုင်းတွင် ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တက်ရောက် အမှာစကားပြောကြားသည်။ 
ထို့နောက် နေပြည်တော်ကောင်စီ၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက အဖွင့်သီချင်းဖြင့် သီဆိုကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယကတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား Video Clip ကိုပြသပြီး နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိခရိုင်တို့မှကလေးငယ်များက အကများဖြင့် သီဆိုဖျော် ဖြေကြကာစာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) က “အမျိုးသမီးများ ဘဝနှင့်တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများစွမ်းရည်မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။
ဆက်လက်၍ လယ်ဝေးခရိုင်၊ နေပြည်တော်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပျဉ်းမနားခရိုင်တို့မှ ကလေးငယ်များက သီဆိုကပြဖျော်ဖြေကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့နာယက၊ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်