နေပြည်တော် ဖေဖော်ဝါရီ ၆
ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ယူပြီးမြောက်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
ဂုဏ်ပြုပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဒုတိယမြို့တော်ဝန်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေ၏ စာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် စေတနာလုပ်အားပေးများ၊ မြို့နယ်(၈)မြို့နယ်မှ စာတတ်မြောက်ရေးသင်ကြားခဲ့သည့် စာသင်သားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး စာတတ်မြောက်ရေး သင်ကြားပေးခဲ့သည့် မြို့နယ်များမှ စေတနာလုပ်အားပေးနည်းပြ၊ ကြီးကြပ်ကိုယ်စားလှယ်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း က နေပြည်တော်ကောင်စီ၊ နေပြည်တော် ပညာရေးမှူးရုံးနှင့် မြို့နယ်(၈)မြို့နယ် စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီတို့မှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ မြို့နယ်များမှ စာသင်သား ကိုယ်စားလှယ်များကို သင်ယူပြီးမြောက်ကြောင်း လက်မှတ်များကိုလည်းကောင်း ပေးအပ်သည်။
ယင်းနောက် ကျောင်းသင်ပညာရေး တက်ရောက်ခဲ့ဖူးခြင်းမရှိသည့်၊ ကျောင်းမနေခဲ့ရ သည့် လယ်ဝေးမြို့နယ် စည်ပိုင်းကျေးရွာအုပ်စု သာယာကုန်း စာသင်ဝိုင်းမှ အသက်(၈၀) အရွယ်စာသင်သား အဘွားဒေါ်ဖွားစိန်က စာတတ်မြောက်ရေးလုပ်ငန်း သင်ကြားခဲ့ခြင်းအတွက် ဝမ်းမြောက်စကားပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် သာဝတ္ထိ၊ ကျေးလက်ကျန်းမာရေး ဌာနသို့ရောက်ရှိပြီး သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေကို သွားရောက်ကြည့်ရှုပြီး အဘိုးဘွားများအား အာဟာရဖြည့် အစားအစာများပေးအပ်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု စနစ်ကျလယ်ယာမြေ ၃၃၈ ဒသမ ၂၆ ဧက ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်မှုတွင် ပါဝင်သည့် တောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးအနီး တပေါင်းကွင်းအတွင်းရှိ ကွပ်ကဲရေးရုံး၌ ကျင်းပသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းရောင်းချပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြားသည်။
ထို့နောက် ဆပ်ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် က ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး MSME ထုတ်ကုန်များ ခင်းကျင်းပြသနိုင်ရေး ဆပ်ကော်မတီအောက်ရှိ လုပ်ငန်း အဖွဲ့များက ဖွင့်ပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ ပြခန်းများ တည်ဆောက်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ရေ၊ မီး၊ မိလ္လာစနစ်များ စီစဉ်ဆောင်ရွက်ရေး၊ လုံခြုံရေး၊ ဖျော်ဖြေရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးနှင့် မှတ်တမ်းပြုစုရေးတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်ရှိ ဘဲကုန်းမီးပွိုင့်တွင် သံလမ်းကူးလမ်း နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ ဥတ္တရသီရိဆည်၊ အနှေးနှုန်းရေသန့်စင်စက်ရုံနှင့် ဟိုတယ်ဇုန်ရေသန့် စင်စက်ရုံများကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဘုံကွဲဆည်နှင့် အမြန်နှုန်းရေသန့်စင်စက်ရုံ အမှတ်(၁)များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
သတင်းစဉ်