နေပြည်တော် ဒီဇင်ဘာ ၁၃
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/ ၂၀၂၄) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီရင်းနှီး မြှုပ်နှံမှုကော်မတီအနေ ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကုန်ထုတ်လုပ်မှုများ တိုးတက်လာစေရေး၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် နိုင်ငံတော်အစိုးရ၏ မူဝါဒ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှောင့်နှေးကြန့်ကြာမှု မရှိစေရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေးတို့ကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ယဉ်ယဉ်နွယ် က သက်ဆိုင်ရာ ကုမ္ပဏီ၏ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်မှု ကော်မရှင်သို့ တင်ပြသည့် ကွင်းဆင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက်လည်းကောင်း ဆွေးနွေးကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဥတ္တရသီရီမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက် အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ကျောက်စီရေမြောင်းများနှင့် အုတ်စီရေမြောင်းများ ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ပြီးစီးမှုများ၊ သန့်ရှင်းသာယာရေး လုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


