နေပြည်တော် ဩဂုတ် ၁၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဥတ္တရသီရီမြို့နယ်အတွင်းရှိ နေပြည်တော် သားဖွားမီးယပ်ရောဂါ အထူးကုဆေးရုံကြီး၌ နေပြည်တော်ကောင်စီ၏ကြီးကြပ်မှုဖြင့် ဥတ္တရသီရီမြို့နယ်အတွင်းရှိ ပြည်သူများကို ဆန်၊ ဆီ၊ အသား၊ ငါးနှင့် အခြေခံစားသောက်ကုန်များကို ရည်ညွှန်းဈေးနှုန်း၊ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဥတ္တရသီရီမြို့နယ် ဇလောင်းကျေးရွာအုပ်စု၊ မောင်ရမ်းကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးများ ရေကြီးနစ်မြုပ် ပျက်စီးသွားသည့် စိုက်ဧကများ အရန်မျိုးစေ့အခမဲ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စပါးနှင့် အခြာသီးနှံများ စိုက်ပျိုးရာတွင် တစ်ဧက အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်အထွက်နှုန်းရရှိကာ တောင်သူများ ဝင်ငွေမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ မျိုးကောင်းမျိုးသန့်များသုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက် ထည့်သွင်းပေးခြင်းနှင့် ရိတ်သိမ်းရာတွင် အလေအလွင့် အနည်းဆုံးဖြစ်အောင် ရိတ်သိမ်းနိုင်ရေးအတွက် စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေးတို့ကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခေတ်နှင့်အညီ ခေတ်မီနည်းပညာများကို အသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက မိုးစပါးများ ရေကြီးနစ်မြုပ် ပျက်စီးသွားသည့် စိုက်ဧကများအတွက် တောင်သူများကို အရန်စပါးမျိုးစေ့များ အခမဲ့ထောက်ပံ့ပေးအပ်ပြီး တောင်သူများက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)