နေပြည်တော် မတ် ၁၉
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များရရှိကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်နှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရရှိသည့် သံဃာတော် ၁၄ ပါး၊ သီလရှင် သုံးပါးနှင့် လူပုဂ္ဂိုလ် လေးဦးတို့ကို သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ် လှူဒါန်း ချီးမြှင့်အပ်နှင်းမည်ဖြစ်ကြောင်း၊ အခမ်းအနားတွင် ဆရာတော်ကြီးများ အဆင်ပြေချောမွေ့စွာ အချိန်မီ ကြွရောက်နိုင်ရေးနှင့် ပြန်လည်ကြွရောက်နိုင်ရေး၊ သံဃာတော်များနှင့် သီလရှင်များ ယာယီသီတင်းသုံး နိုင်ရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆွမ်းဆန်တော်များ ကြိုတင် လောင်းလှူနိုင်ရေးအတွက် စနစ်တကျလက်ခံဆောင်ရွက်ခြင်းနှင့် စနစ်တကျလောင်း လှူနိုင်ရေး တို့ကို စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီး များနှင့် လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ် လှူဒါန်း ချီးမြှင့်အပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်သာသနာရေးမှူး ဦးဆန်းထွန်းအောင်က အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ များ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာနေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး တစ်ပါး၊ မဟာသဒ္ဓမ္မဇောတိ ကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး သုံးပါး၊ ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး လေးပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ခြောက်ပါး၊ ဂန္တဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ သီလရှင်ဆရာကြီး နှစ်ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး တစ်ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ် တစ်ဦး၊ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ် တော်ရ လူပုဂ္ဂိုလ် တစ်ဦး၊ သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ် နှစ်ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များကို နေပြည်တော်ကောင်စီမှကြီးမှူး၍ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းသွားမည် ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)