နေပြည်တော် ဧပြီ ၂၀

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်စည်ပင် သာယာရေး ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် အဆောက်အအုံများအတွက် ပြန်လည်အစားထိုးတည်ဆောက်နိုင်ရေးနှင့် မြေနေရာ ရွေးချယ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး မန္တလေးမြေငလျင်ကြီး ဒဏ်ခံခဲ့ရသည့် ဝန်ထမ်းများနှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန်အတွက် နှစ်ခန်းတွဲဘာရှာ အဆောက်အအုံများ တည်ဆောက်နိုင်ရေး၊ နှစ်ခန်းတွဲ ဘာရှာအဆောက် အအုံများတည်ဆောက် ရာတွင် မိုးဒဏ်၊ လေဒဏ်ခံနိုင်ရေး၊ ခိုင်ခံ့မှုရှိစေရေးတို့ကို အလေးထားဆောင်ရွက်ရန် ပြောကြား ခဲ့သည်။ ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်အတွင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံပိုင်အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ချမှတ်ထားသော လမ်းညွှန်မှုများနှင့် မူဝါဒများအရ တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်မှာကြားပြီး ယာထားမြေနေရာ ခုနစ်နေရာအား မြေပြင်ကွင်းဆင်း တိုင်းတာခြင်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ငလျင်ဘေး ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် ဉာဏအောင်မြေလမ်းနှင့် ပြည်ကြီးမဏ္ဍိုင်လမ်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက်ရေးနှင့် အမြန်ပြီးစီးရေး ဆောင်ရွက်ရန်မှာကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် အခြေခံပညာအလယ်တန်း ကျောင်းသို့ရောက်ရှိကာ ကျောင်းဝင်းအတွင်း ငလျင် ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား လာမည့်ပညာသင်နှစ်အတွက် စာသင်ဆောင်နှင့် ကျောင်းအတွက် လိုအပ်ချက် များကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ စစ်ဆေးပြင်ဆင် ဆောင်ရွက်ပေးနိုင်ရေး မှာကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် မန္တလေး ငလျင်ကြီးဘေးဒဏ်ကြောင့် နေပြည်တော်အတွင်းရှိ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဥတ္တရသီရိ မြို့နယ် ခုတင်(၅၀) ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း ယာယီဆေးရုံဖွင့်လှစ်၍ အင်ဒိုနီးရှားနိုင်ငံမှ အထူးကု ဆရာဝန်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်းကာ ပြည်သူများအား ဆေးကုသပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မျိုးသီဟ (ပြန်/ဆက်)