နေပြည်တော် ဇန်နဝါရီ ၂၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာရှိ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) ဆန်စက်ဝင်းအတွင်း၌ တည်ဆောက်နေသည့် Myanmar Rice Bran Oil Co;ltd ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဖွဲနုဆီနှင့် စားသုံးဆီ ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) ရုံးခန်းအတွင်း၌ တာဝန်ရှိသူများက ဖွဲနုဆီစက် တည်ဆောက်ရေးလုပ်ငန်းများ၊ တည်ဆောက်ပြီးစီးပါက လုပ်ငန်းလည်ပတ်မည့် အခြေအနေများ၊ ဆီထုတ်လုပ်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ ကုန်ကြမ်းများ လုံလောက်စွာရရှိရေး၊ ပြည်တွင်း၌ စားသုံဆီဖူလုံရေးနှင့် နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်