နေပြည်တော် ဇန်နဝါရီ ၅

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ဇေယျာသီရိမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ၊ ဆရာ ဆရာမများ၊ ဆုရကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ကြသည်။

 

ဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်မုခ်ဦးအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် အခမ်းအနားဒုတိယပိုင်း အစီအစဉ်ကို အဆိုပါကျောင်း၏ အားကစား ခန်းမ၌ကျင်းပရာ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ‘‘စုံညီပွဲတော် တို့နွဲပျော်’’ သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အရည်အသွေးပြည့်ဝသည့် အခြေခံပညာရေးနှင့် အမျိုးသား ပညာရည် မြင့်မားရေးအတွက် ပညာရေးစီမံခန့်ခွဲမှု အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ဆရာ/မများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးစေတနာရှင်များ၊ ကျောင်းအကျိုးတော် ဆောင်များ၊ မိဘပြည်သူများ အားလုံး ဝိုင်းဝန်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေး ကြစေလိုကြောင်းပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ  အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများက တေးသရုပ်ဖော်အကများနှင့် တေးသီချင်း အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမှုကို ကြည့်ရှု အားပေးပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် (ဗဟိုအဆင့်)တွင် ဆုရရှိ ခဲ့သည့် အားကစားသမားများ၊ နေပြည်တော်အဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများ၊ National ICT Award-2023 ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများ၊နှင့် ဆရာဆရာမအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် အတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ပေးအပ်ရာ နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လွင်က လက်ခံရယူသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် သင်ရိုးသစ် သင်ထောက်ကူပြခန်း၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲပြခန်း၊ စွန့်ဦးတီထွင်ပြခန်းတို့ကို ကြည့်ရှုအားပေးကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ ဝင်များနှင့်အတူ ဇေယျာသီရိမြို့နယ်၊ ရွာသစ်ကျေးရွာအနီတွင် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဆောင်ရွက်နေသည့် ရွာသစ်ရေမြှင့်ရေထိန်း(ပင်းတားဆည်) တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေဆင်းဆည် လက်ယာ(၁) မြောင်းမကြီး မိုင်နား(၆) မြောင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအနီး ပင်လောင်း လမ်းဘေး သီးနှံအကန့်လိုက်စိုက်ပျိုးနည်းစနစ် (Strip Cropping) စမ်းသပ်စိုက်ခင်း အတွင်း သီးနှံ (၁၈)မျိုး စိုက်ပျိုးထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)