နေပြည်တော် နိုဝင်ဘာ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ကျင်းပသည်။

အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ နေပြည်တော်ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် လုပ်ငန်းရှင်များ၊ တက်ရောက်ကြသည်။

ဉီးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကို Clean City၊ Green City၊ Smart City ဖြစ်စေရန် အတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ နေပြည်တော်အတွင်း ခရီးစဉ်ဒေသများဖွံ့ဖြိုး တိုးတက်စေရေးအတွက် ယခင်ရှိပြီးသည့် ခရီးစဉ်နေရာ ဒေသများအပြင် အပန်းဖြေအနားယူနိုင်သော ခရီးစဉ်နေရာအသစ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွား ဆွဲဆောင်မှုရှိစေရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများရရှိစေရေး၊ ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်ရုံးခွဲ ညွှန်ကြားရေးမှူး၊  ကော်မတီအဖွဲ့ဝင်များနှင့် နေပြည်တော် ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် လုပ်ငန်းရှင်များက နေပြည်တော်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့၊ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နား စခန်းအတွင်းရှိ နေပြည်တော်မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ရုံးသို့သွားရောက်ပြီး ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းတာဝန်ခံများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်