နေပြည်တော် စက်တင်ဘာ ၁၃
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သဘာဝဘေးလျော့ပါးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီ များအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြစ်ပေါ်နေသည့် ရေလွှမ်းမိုးမှုအခြေအနေများနှင့် ပတ်သက်၍ ရှာဖွေကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးစသည့် လုပ်ငန်းများကို ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုများနှင့်ပူးပေါင်းပြီး အချိတ်အဆက်မိမိဖြင့် စီမံချက်များ ရေးဆွဲထားသည့်အတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းနားမြို့နယ် သကြားစက်လမ်းတွင် ကားလမ်းရေကျော်နေမှု အခြေအနေများနှင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရေဘေးသင့်ပြည်သူများအား ယာယီရွှေ့ပြောင်းနေရာချထားသည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ တပေါင်းကွင်းနှင့် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်သို့ သွားရောက်၍ ရေဘေးသင့် ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုပြီး ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားကာ အာဟာရဖြစ် စားသောက်ဖွယ်ရာများ ပေးအပ်၍ လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ပြီး ရာဇဌာနီလမ်းနှင့် ပင်လောင်းလမ်းတို့တွင် ရေဝင်ရောက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့သည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းတို့နှင့်အတူ ရဟတ်ယာဉ်ဖြင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းနှင့် စစ်တောင်းမြစ်ရိုးတစ်လျှောက် ရေလွှမ်းမိုးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)


