နေပြည်တော်    နိုဝင်ဘာ    ၁၉

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေး ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်အတွင်းရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားရုံ၌ စခန်းသွင်းလေ့ကျင့်နေသော ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကိုယ်စားပြု အမျိုးသား/အမျိုးသမီး ဘော်လီဘော၊ အမျိုးသား ဘတ်စကတ်ဘောနှင့် အမျိုးသားဘိလိယက်နှင့် စနူကာ အားကစားသမားများကို တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဖြည့်စွက်အားဖြည့်စာများ၊ ထောက်ပံ့ငွေများနှင့် အားကစား ပစ္စည်းများ ပေးအပ်သည်။

 

ထို့နောက် အာကစားနည်းအလိုက် အားကစားသမားများ လေ့ကျင့်နေမှုအ‌ခြေအနေများကို ကြည့်ရှု အားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စု တဲကြီးကုန်းကျေးရွာ ကွင်းအမှတ် ၁၆၅၉၊ တောင်သူ ဦးအောင်ငွေ၏ မိုးစပါးစိုက်ခင်း၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့ တက်ရာက် အမှာစကား ပြောကြားပြီး မိုးစပါးစံကွက် ရိတ်သိမ်းခြင်း၊ စပါး ချိန်တွယ်ခြင်းများကို ကြည့်ရှုအားပေးကြရာ တစ်ဧကလျှင် စပါးအစိုထွက် ၁၄၅ တင်း၊ စပါးအခြောက် ထွက်တင်း ၁၃၀ နှုန်း ထွက်ရှိကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် နိုဝင်ဘာ ၂၀ ရက်တွင် ကျရောက်မည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှုအခမ်းအနားကို နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

ဦးစွာ နေပြည်တော်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး နေပြည်တော်အတွင်းရှိ နေပြည်တော်ကလေးပြုစုရေးဌာနနှင့် မူလတန်း ကြိုကျောင်းများမှ သားငယ်သမီးငယ်လေးများက တေးသီချင်းများဖြင့် အဖွဲ့လိုက် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေး၍ ကပြဖျော်ဖြေကြသည့် သားငယ်သမီးငယ်လေးများကို ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ကြသည်။

           

ဆက်လက်၍ နေပြည်တော် မိခင်နှင့် ကလေးစောင့်ရှောက်ရေးမှု ကြီးကြပ်ရေးအဖွဲ့နာယက နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ် များဘဝ မြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မော်မော်ထွန်းတို့က ကပြဖျော်ဖြေကြသည့် သားငယ်သမီးငယ်လေးများအတွက် ဂုဏ်ပြုဆုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)