နေပြည်တော် ဖေဖော်ဝါရီ ၂၈
နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပျဉ်းမနားမြို့နယ် အာဟာရသုခ ဈေးဆိုင်ခန်းများအစား ယာယီဈေးဆိုင်ခန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဈေးရောင်းချနေမှု အခြေအနေများကိုလည်းကောင်း၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် နေပြည်တော် ကောင်စီဥက္ကဋ္ဌက မီးလောင်မှု ထပ်မံမဖြစ်ပွားစေရေး အလေးထား ဆောင်ရွက်ရန်၊ ဈေးဆိုင်ခန်းများ အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဈေးသူဈေးသားများအား မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် သွားရန်နှင့် ဈေးအတွင်း ရေးစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်သွားရန် မှာကြားသည်။
ညနေပိုင်းတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့ H1 လမ်းအား မူလ ၂၄ ပေ အကျယ် နှစ်လမ်းသွား ကွန်ကရစ်လမ်းမှ ၄၈ ပေအကျယ် လေးလမ်းသွား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် နေပြည်တော်ကောင်စီလမ်း ဇမ္ဗူသီရိမြို့နယ် ဇီဇဝါပန်းအဝိုင်းမှ ဒက္ခိဏသီရိ မြို့နယ် ရွှေပြည်တော်ဝင်လမ်းအထိ နိုင်လွန်ကတ္တရာ (AC) ခင်းကျင်းနေမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် နေပြည်တော် ကောင်စီဥက္ကဋ္ဌက တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ငလျင်အပြင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိအောင် တည်ဆောက်ရေး၊ လုပ်ငန်းခွင်အတွင်း အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ အသုံးပြုသွားရေးနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)


