နေပြည်တော် မတ် ၁၄

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်း တွင် ပျဉ်းမနားမြို့နယ်၊ ကျီအင်းကျေးရွာ အုပ်စုရှိ တောင်သူလယ်သမားများနှင့် အကျိုးတူ ကန်ထရိုက်စနစ်ဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်၍ ဟင်းသီး ဟင်းရွက် အေးခဲထုတ်လုပ်ပြီး  ပြည်ပသို့ တင်ပို့လျက်ရှိသည့် Myanmar Agri Foods Co., Ltd သို့ သွားရောက် ကြည့်ရှုအားပေးပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ တောင်သူလယ်သမားများနှင့် အကျိုးတူကန်ထရိုက်စနစ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကုန်ကြမ်းများ လုံလောက်စွာရရှိရေး၊ စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေးမှာကြားပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးသည်။             

 

ထို့နောက် ဌာနဆိုင်ရာများနှင့် အစည်းအဝေးကို နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ() ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဌာန ဆိုင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး၊ စာမေးပွဲ ဖြေဆိုစဉ် ကာလအတွင်း ကျောင်းသား/ကျောင်းသူများ သွားလာမှုအဆင်ပြေစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများထိန်းသိမ်းရေး၊ စာမေးပွဲဆိုင်ရာ လုံခြုံရေးနှင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေရေးတို့ကို လပ်ဟာမှုမရှိစေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)