နေပြည်တော် ဖေဖော်ဝါရီ ၁၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာရှိ သိမ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစက္ကိန္ဒအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် သိမ်ကျောင်းတိုက် ဘုန်းတော်ကြီး ကျောင်းဝန်းနှင့် အဆိုပါကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းစေတီတော်များ(နေပြည်တော်ပုဂံ)နှင့် စေတီတော်များ ပတ်ဝန်းကျင်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက ချုံနွယ်များ၊ ပေါင်းမြက်များ၊ အမှိုက်များရှင်းလင်းကာ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဘုရား ဖူးလာပြည်သူများ စိတ်ချမ်းမြေ့စွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရန်နှင့် ရှေးဟောင်းစေတီတော်များ၏ သမိုင်းအကျဉ်းကို ထင်သာမြင်သာနေရာများတွင် စိုက်ထူထားရှိရန် မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် သိဒ္ဓိ(၉)ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများ၊ စာသင်ကျောင်းများနှင့် ဈေးများတွင် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်