နေပြည်တော် ဖေဖော်ဝါရီ ၃
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော် ကောင်စီတို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ပုဗ္ဗသီရိမြို့နယ်အတွင်း လေပြင်း ဘေးကြိုတင်ပြင်ဆင်ရေးအတွက် ထောက်ပံ့၊ မြို့မိမြို့ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှုများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ကျေးရွာအုပ်ချုပ်ရေးမှုများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ဒေသခံပြည်သူ များတက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ ကြိုတင်ပြင် ဆင်ရေးလုပ်ငန်းများဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊လေပြင်း ဘေးအန္တ ရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် နိုင်ငံတော်က ထောက်ပံ့မှုများပေးအပ်သကဲ့သို့ ပြည်သူများအနေဖြင့်လည်း မိမိရပ်ကွက်၊ မိမိကျေးရွာ၊ မိမိမြို့ ဘေးအန္တရာယ်နှင့် ကြုံလာပါက ထိခိုက်မှုလျော့နည်းစေရန်အတွက် ကြိုတင်ကာကွယ် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့် က လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ် သပြေတန်းကျေးရွာ အုပ်စုအတွင်းရှိ အိမ် ၅၆ အိမ်၊ ဘဲကုန်းကျေးရွာအုပ်စုအတွင်းရှိ အိမ် ၁၅ အိမ်နှင့် ဖြုတ်ခွဲ ကျေးရွာအုပ်စုအတွင်းရှိ အိမ် ၄၅ အိမ်တို့အတွက် သွပ်နှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူကြသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော် ကောင်စီတို့၏ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များတွင် အိမ်ခြေစုစုပေါင်း ၁၆၅၀ အိမ်ကို တစ်အိမ်လျှင် ၄၃၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၇၀၉၅၀၀၀၀ တန်ဖိုးရှိ လေပြင်းဘေးကြို တင်ပြင်ဆင်ရေးအတွက် အိမ်ဆောက်ပစ္စည်း များကို ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပသည့် ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနား သို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယခုဖွင့်လှစ်သည့် ရပ်ရွာအခြေပြုအခြေခံ စက်ချုပ်သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသူများအနေ ဖြင့်လည်း သင်တန်းမှ သင်ကြား ပို့ချလိုက်သည့်ပညာရပ်များကို မိမိတို့ရပ်ရွာများတွင် လက်တွေ့အသုံးပြု၍ မိမိတို့၏ မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေသည့်အတွက် စက်ချုပ်ပညာနှင့်ပတ်သက်၍ အခြေခံမှစ၍ အဆင့်မြင့် ဘာသာရပ်များကို ဆက်လက်လေ့လာသင်ယူသွားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်သို့ သင်တန်းသူ ၂၀ တက်ရောက်ပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိဖွင့်လှစ်၍ ဘာသာရပ် များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ် မြတ်နိုးသူများအသင်မှ စာဖတ်ဝိုင်းပြုလုပ်နေမှု၊ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် အတွင်း စာအုပ်စာစောင်များခင်းကျင်းထားရှိမှု၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းအတွင်း ကလေးငယ်များ ဆေးရောင်ခြယ်နေမှုတို့ကို ကြည့်ရှုအားပေးကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
သတင်းစဉ်