နေပြည်တော်၊ စက်တင်ဘာ ၂၃

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေလွှမ်းမိုးမှုကြောင့် ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် ဇေယျာသီရိမြို့နယ်ရှိ ပင်လောင်းလမ်းဆုံနှင့် အေးမြင့်သာယာတံတားအကြားတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ယာဉ်ယန္တရားများဖြင့် ပြန်လည်ပြုပြင်နေမှုကို  သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။ 

 

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်ရှိ ရှားစေးဖိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ်အေးမြင့်သာယာကျေးရွာ အခြေခံ ပညာမူလတန်းလွန်ကျောင်းများတွင် ရေဝင်ရောက်ပြီး တင်ကျန်နေသည့် နုန်းများ၊ သစ်ကိုင်းများနှင့် အမှိုက်များ ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရှားစေးဖိုလျှပ်စစ်ရေတင်စက်ရုံအတွင်း ရေများဝင် ရောက်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကိုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

 

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ဥယျာဉ်ကျေးရွာအုပ်စု ဆင်တဲကြီးကျေးရွာရှိ သာသနာ့ဝိသောဓနီကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမာဝံသ အားဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါကျောင်းတိုက်အတွင်း ရေကြီးရေလျှံမှုကြောင့် တင်ကျန်နေသည့် နုန်း၊ ဒိုက်နှင့် အမှိုက်များ ရှင်းလင်းဖယ်ရှားရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် ပင်သောင်းကျေးရွာအုပ်စု သစ်ကိုးပင်ကျေးရွာရှိ သစ်ကိုးပင်ကျောင်းတိုက်ရှိ ရေဘေးသင့် ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိလာသထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ငါးခြောက်၊ ကုလားပဲနှင့် ထမင်းဗူးများ ထောက်ပံ့ပေးအပ်သည်။ 

 

ဆက်လက်၍ ‌ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် သစ်ကိုးပင်ကျေးရွာအတွင်း ရေဝင်ရောက်ခဲ့မှုအခြေအနေနှင့် သစ်ကိုးပင်ကျေးရွာနှင့် အင်တိုင်းသာကျေးရွာချင်းဆက်လမ်း ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကိုလည်းကောင်း၊ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်အမှတ် (၃) ကန်ဘေးပတ်လည်ရှိ မြေထိန်းနံရံ ကျွံကျပျက်စီးမှု အခြေအနေကိုလည်းကောင်း၊ ရေလွှမ်းမိုးမှုကြောင့် ဇေယျာသီရိမြို့နယ် ဆင်သေချောင်းတံတား (ပုပ္ပားကုန်း) ၏ တံတားထိပ်ခုံနှင့် ချဉ်းကပ်လမ်းပျက်စီးမှုအပေါ် ယာယီသံပေါင်ဘေလီတံတား တည်ဆောက်ပြီးစီးမှု၊ ပြိုကျပျက်စီးနေသည့် မြေထိန်းနံရံများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ပြိုကျပျက်စီးနေသည့် ဒိုးပင်ခုံးတံတားချဉ်းကပ်လမ်း ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြင်ဆင်နိုင်ရေး လိုအပ်သည်များကို မှာကြားသည်။

 

 

ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့်  နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သဘာဝဘေးနှင့်ပတ်သက်၍ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်