နေပြည်တော် စက်တင်ဘာ ၂၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဟန်သူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (အိုင်စောက်) သို့ ရောက်ရှိပြီး ရေကြီးရေလျှံမှုကြောင့် ကျောင်းဝင်းနှင့် စာသင်ခန်းများတွင် ရေများဝင်ရောက်ခဲ့သဖြင့် တင်ကျန်နေသည့်နုန်းနှင့် အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အခြေခံပညာကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး၏ လမ်းဘေးဝဲယာတွင် ရေလွှမ်းမိုးမှုကြောင့် တင်ကျန်ခဲ့သော နုန်းမြေများဖယ်ရှားခြင်းနှင့် လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများနှင့် ရှင်းလင်းဆောင်ရွက်နေမှုကို လည်းကောင်း၊ ဇေယျာသီရိမြို့နယ် အခြေခံပညာမူလတန်းကျောင်း (စိမ်းစားပင်) သင်ကြာရေးလုပ်ငန်းများ အမြန်ပြန်လည်စတင်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် နုန်းများဖယ်ရှားရှင်းလင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇေယျာသီရိမြို့နယ် မအူတောကျေးရွာအုပ်စု စိမ်းစားပင်ကျေးရွာရှိ အောင်မြေဘုံရတနာ စိမ်းစားပင်ဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှထောက်ပံ့သည့် နေအိမ်မျောပါပျက်စီးမှုအလုံး ၉၀ နှင့် အားလုံးပျက်စီးမှု ၁၆ လုံး စုစုပေါင်း ၁၀၆ လုံးအတွက် တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းနှုန်း၊ စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၀၆၀၀၀၀၀ နှင့် တစ်အိမ်လျှင် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ကယ်ဆယ်ရေးပုံးတစ်ပုံးဖြင့် စုစုပေါင်းကယ်ဆယ်ရေးပုံး ၁၀၆ ပုံးတို့ကို ထောက်ပံ့ပေးအပ်သည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် နေပြည်တော်ကောင်စီ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 
ယနေ့ အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင် အလှူရှင်များမှ စုစုပေါင်းလှူဒါန်းငွေကျပ် ၉၀၁၀၄၀၀၀ ကျပ်နှင့် ငွေကျပ်သိန် ၁၀၀၀ တန်ဖိုးရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို လှူဒါန်းခဲ့သည်။
ယမန်နေ့ ညနေပိုင်းက နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမြင့်စိုးနှင့် ဦးဟန်သူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေတိုက်စားသဖြင့် ပျက်စီးသွားသည့် မွန်းတည့်ခွင် - ကျည်တောင် - ခေါမ - ညောင်ပင်သာလမ်းပေါ်ရှိ ဆင်သေကျေးရွာအနီး တံတားအမှတ် (၂/ ၂၀) ၌ ယာယီသံပေါင် ဘေလီတံတားထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ရေတိုက်စားသဖြင့် ပျက်စီးသွားသော ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာအနီး ပေါင်းလောင်းမြစ်ပေါ်ရှိ ဇီးဖြူပင်ကျေးရွာတံတား ချဉ်းကပ်လမ်းသောနေရာ၌ ပေ ၈၀ နှစ်လွှာတစ်ထပ် ယာယီသံပေါင်ဘေလီတံတား ထိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်