နေပြည်တော် နိုဝင်ဘာ ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအုပ်စု၊ အိုင်စောက်ကျေးရွာ၊ ကျောက်ချက် စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများတွင် ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ဌာနဆိုင်ရာတာ ဝန်ရှိသူများက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် လယ်ယာမြေများတွင် ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးတို့က ဆောင်းသီးနှံပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် နေကြာနှင့် မတ်ပဲမျိုးစေ့များကို တောင်သူများထံ ထောက်ပံ့ပေးအပ်ကြပြီးတက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယင်းနောက် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာအုပ်စု ရေဆင်းဆည် လက်ယာ (၁) မြောင်းမကြီးပေါ်ရှိ ရှားစေးဖိုကုန်ထုတ် မြောင်းကူးတံတား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း၊ ရေဆင်းဆည် လက်ယာ (၁) မြောင်းမကြီး မိုင်နာ (၅) အတွင်း တူးမြောင်းပြန်လည်ပြုပြင်ခြင်းလုပ်ငန်း၊ ရွှေပေး - ရှားစေးဖို ကျေးရွာချင်းဆက်လမ်းကို ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းကိုကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကျေးရွာအတွင်း သန့်ရှင်းသာယာရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ပေါက်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင်း သန့်ရှင်းသာယာလှပရေးနှင့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်သစ် တည်ဆောက်နေမှု၊ အေးမြင့်သာယာလမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Breaking News


