နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 ကျောင်းသား ကျောင်းသူ များ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုနေမှု ကြည့်ရှုအားပေး
နေပြည်တော် မတ် ၁၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စနစ်သစ်ပညာရေး၏ အထက်တန်းအဆင့် နောက်ဆုံး အရည်အချင်းစစ်စာမေးပွဲဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 ကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ပေးလျက်ရှိသည့် အခန်းတာဝန်ကျ ကြီးကြပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်၊ စာမေးပွဲဖြေဆိုသူနှင့် စာမေးပွဲလုပ်ငန်းများ အနှောင့်အယှက်မဖြစ်စေရေး ဂရုပြု ဆောင်ရွက်ကြရန်၊ စာမေးပွဲကို စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အောင်မြင်အောင်ကျင်းပ နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စာစစ်ဌာန စုစုပေါင်း ၄၇ ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၈၆၇၆ ဦး စာရင်းပေးသွင်းထားပြီး ယနေ့ အင်္ဂလိပ်စာ ဘာသာရပ်တွင် ၈၄၂၂ ဦး ဝင်ရောက်ဖြေဆိုသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၀၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် သပြေတန်းကျေးရွာအုပ်စု ရာဇဌာနီ လမ်းဘေးရှိ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းနေကြာစံပြစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိ ကြပြီး နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံကာ မြေများကို အကျိုးရှိစွာအသုံးချပြီး သီးထပ် စွမ်းအားတိုးမြှင့်ရေး၊ သုံးသီးစိုက်ပျိုးနိုင်ရေး၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေးတို့ကို အလေးထား ဆောင်ရွက်ကြရန်မှာကြား၍ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နွေနှမ်းသီးနှံစိုက်ပျိုးမည့် တောင်သူများကို နှမ်းမျိုးစေ့များနှင့် သဘာဝမြေဩဇာများကို ထောက်ပံ့ ပေးအပ်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေကြာစံပြစိုက်ခင်းနှင့် ပြောင်းစိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအုပ်စု၊ ကံလှကွက်သစ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)