နေပြည်တော်၊ ဇန်နဝါရီ ၁၅
နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ ပျဉ်းမနား ပြည်သူ့ဆေးရုံကြီးခုတင် (၂၀၀) နှင့်တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံခုတင် (၁၀၀) တို့မှ အထူးကု ဆရာဝန်များပါဝင်သောအဖွဲ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သရက်ပင် ကျေးရွာ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်း၌ ညောင်လွန့်ကျေးရွာအုပ်စု၊ ကြိုးကြာအင်းကျေးရွာ အုပ်စု၊ သစ်ဆိမ့်ပင် ကျေးရွာအုပ်စု၊ အုန်းပင်ကျေးရွာအုပ်စုနှင့် တဲမြင့်ကျေးရွာအုပ်စုတို့မှ ဒေသခံ ပြည်သူများ ကိုကွင်းဆင်း၍ အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို သွားရောက် ကြည့်ရှုအား ပေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် သရက်ပင်ကျေးရွာ ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တကောဏ္ဍညနှင့် ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် အဆိုပါကျောင်းတိုက်၌ ဒေသခံပြည်သူများကို အခမဲ့ဆေးကုသ ကျန်းမာရေးစောင့်ရှောက် ပေးနေမှုကို ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အထူးကုဆရာဝန်ကြီးများကို အမှတ်တရသစ်သီးခြင်း ပေးအပ်ကာ လာရောက်ဆေးကုသမှု ခံယူသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အာဟာရဖြစ် စားသောက်ဖွယ်ရာ ပစ္စည်းများပေးအပ်၍ တဲမြင့်ကျေးရွာမှ မျက်စိဝေဒနာရှင် ဦးကံညွန့်အား ဆေးကုသစရိတ်အဖြစ် ထောက်ပံ့ငွေကျပ် နှစ်သိန်းကို ထောက့်ပံ့ပေးအပ်သည်။
ယနေ့ ဒေသခံပြည်သူများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် အထူးကုဆရာဝန်များက အထွေထွေရောဂါလူနာ ၁၀၆ ဦး၊ မျက်စိလူနာ ၁၃၆ ဦး၊ အရိုးလူနာ ၇၁ ဦး၊ ကလေးလူနာ ၁၂ ဦး၊ သားဖွားမီးယပ်လူနာ ၄၃ ဦး၊ သွားလူနာ ၁၁ ဦး၊ စုစုပေါင်းလူနာ ၃၇၉ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး ဆေးရုံကြီးများသို့ လူနာ ၆ ဦး လွှဲပြောင်း၍ ကုသမှုခံယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ညောင်လွန့်ကျေးရွာရှိ တောင်သူ ဦးမောင်သင်၏ ပေါင်းစည်းလယ်ယာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ညောင်လွန့်ကျေးရွာရှိ ကျေးလက် ကျန်းမာရေးဌာနတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အခြေအနေများနှင့် သက်ကြီး ရွယ်အိုများအား ကိုယ်ကာယလေ့ကျင့်ခန်း ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကို ကြည့်ရှုအားပေးပြီး သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။
ယင်းနောက် တပ်ကုန်းမြို့နယ် ခုတင် - ၁၀၀ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအတွင်း ဆေးကုသမှုခံယူနေသည့် လူနာများ၊ ကလေးကုသဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု အခြေအနေများ၊ ဆေးရုံအတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုများကို လည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်သည် တပ်ကုန်းမြို့၊ ဘုရားနီကျောင်းတိုက် ပဓာန နာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီရိအား သွားရောက်ဖူးမြော် ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ မအူတော ကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာရှိ ကွင်းအမှတ် (၁၅၉၆) (က/ခ) ကွင်းအား နရဘန်ယာယီ ချောင်းပိတ်ဆည်မှ နွေစပါးရေပေးဝေနေမှုနှင့် နွေစပါးစိုက်ပျိုးနေမှု အခြေအနေများကိုကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်