နေပြည်တော် ဇန်နဝါရီ ၂၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းဖြင့် အုန်းပင် ကျေးရွာအတွင်း သောက်သုံးရေပေးနေမှုကို လည်းကောင်း၊ သဘာဝဘေး ကြောင့် လယ်ငယ်ချောင်းစပ်တွင် ကျေးရွာမှ ကိုယ်ထူကိုယ်ထဆောင်ရွက်ထားသည့် လက်တူးတွင်းနှင့် ဆိုလာပန့်များ ပျက်စီးခဲ့မှုကိုလည်း ကောင်း၊ လက်ရှိကျေးရွာအတွင်း ရေပေးနေသည့် သောက်ရေတွင်းအခြေအနေကို လည်းကောင်း၊ သဘာဝ ဘေးကြောင့် ပွဲစားဆည်တမံကျိုးပဲမှုအခြေအနေကို လည်းကောင်း၊ တပ်ကုန်းမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာ တွင် စာကြည့်တိုက်အဆောက်အဦသစ် တည်ဆောက်နေမှုကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားကာ စာကြည့်တိုက်အတွက် အလှူငွေ ၁၀ သိန်းကို ပေးအပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် အုန်းပင်ကျေးရွာအနီး ခရီးသွားနေရာအဖြစ်ဖော်ဆောင်ထားသည့် ရှေးဟောင်းသမိုင်းဝင် သားခိုတောင် မဟာအတုလလောကရန်အောင် ဆုတောင်းပြည့်စေတီမြတ်ကြီးအား ပြည်သူများ အဆင်ပြေစွာသွားလာ ဖူးမြော်နိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နေပြည်တော် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းဖောက်လုပ်ထားမှုကို ကြည့်ရှုစစ်ဆးပြီး သားခိုတောင် မဟာအတုလ လောကရန်အောင် ဆုတောင်းပြည့်စေတီ မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ အလှူငွေများလှူဒါန်းသည်။
ထို့နောက် တပ်ကုန်းမြို့နယ် ရွေးစု(မြောက်)ကျေးရွာအနီးတွင် ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေ ၁၅၆ ဒသမ ၆၅ ဧကကို နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနက စက်ယန္တရားများဖြင့် သဲနှုန်းများဖယ်ရှားခြင်းနှင့် မြေပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


