နေပြည်တော် မတ် ၁၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု ဇလောင်းကျေးရွာရှိ ဦးထွန်းဝေ ၏ ဒေသနွား ၁၉ ကောင်ကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှုနှင့် တိရစ္ဆာန်အစာကို ပြောင်း၊ မတ်ပဲ၊ ကောက်ရိုးနှင့် ဖွဲနုများ ရောစပ်ကျွေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက လက်ရှိမွေးမြေူရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် တိရစ္ဆာန်အစာများကို စနစ်တကျ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌက မွေးမြူရေးလုပ်ငန်း တိုးချဲ့မွေးမြူရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ တိရစ္ဆာန်အစာအတွက် လုံလောက်မှုရှိစေရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စု တောင်ညိုကျေးရွာရှိ ပိုင်ရှင် ဦးဘုန်းမြင့်အောင်၏ ဥစားကြက် အကောင် ၅၀၀၀ မွေးမြူရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှု အားပေးပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဥစားကြက်များ တိုးချဲ့မွေးမြူနိုင်ရေး၊ စနစ်ကျ မွေးမြူရေးနှင့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဥတ္တရသီရိမြို့နယ်၊ အခြေခံပညာအထက် တန်းကျောင်း(တောင်ညို) စာစစ်ဌာနသို့ ရောက်ရှိပြီး ကျောင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာ ဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ အခွန်အခရငွေများ ပြည့်မီတိုးတက် ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီ အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင် အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်း နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများမှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝရရှိစေရေးအတွက် အခွန်စည်းကြပ် ကောက်ခံမှုလုပ်ငန်းများကို ကြီးကြပ်ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်ကောင်စီ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပြီးဖြစ်ကြောင်း၊ အခွန် တိမ်းရှောင်သူများမရှိစေရေး၊ အခွန်စည်းကြပ်ကောက်ခံနိုင်ရေးတို့ကို ကြပ်မတ်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ အခွန်ထမ်း ပြည်သူများကို အခွန်ဆိုင်ရာကိစ္စရပ်များ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး၊ အခွန်ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များကို သိရှိစေရေး အတွက် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခွန်ငွေရရှိမှု လအလိုက်တိုးတက်မှုရှိစေရေးအတွက် လုပ်ငန်းများကို ကြပ်ကြပ်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း အခွန်အခများတိုးတက်ရရှိရေးနှင့် အခွန်အရပ်ရပ် လျာထားချက်များ ပြည့်မီ ကျော်လွန်စွာ ကောက်ခံရရှိရေး၊ အခွန်ပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်မှု အခြေအနေများ၊ အခွန်ထမ်းသစ် ဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေမှုများ၊ အခွန်အရပ်ရပ် ကောက်ခံရရှိမှုနှင့် အခွန်အခများ ကောက်ခံရရှိမှုအခြေအနေများ၊ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်