နေပြည်တော်၊ ဧပြီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ နေရာခြောက်နေရာတို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ် ၃၈၀ တို့ကို ဧပြီ ၂၀ ရက်မှစတင်၍ ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးလိမ္မာသင်တန်းများ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပုဗ္ဗသီရိမြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်က ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံပြီး မျိုးဆက်သစ်လူငယ်များကို ယဉ်ကျေးလိမ္မာစေရန်၊ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် လူငယ်များဖြစ်လာစေရန်အတွက် စနစ်တကျ သင်ကြားပေးကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့်အတူ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ်အတွင်း လေဘေးသင့်ခဲ့သည့် တံတားဦးကျေးရွာသို့ သွားရောက်၍ လေဘေ သင့်ပြည်သူများကို အားပေးစကားပြောကြားကြသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ် သိန်း ၁၀၀၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမားရေးသုံး ပစ္စည်းများကို တာဝန်ရှိသူများက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်ထံ ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြပြီး အဆိုပါကျေးရွာရှိ ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္တုငွေများလှူဒါန်းကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်အဖွဲ့သည် လေဘေးသင့်ခဲ့သည့် အောင်မြင်ကုန်းကျေးရွာသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများကို အားပေးစကား ပြောကြားကြ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် စမ်းကလေးသုသာန် လေပြင်းတိုက်ခတ်ခံခဲ့ရသဖြင့် အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများနှင့် နိဗ္ဗာန်ယာဉ်များ ပျက်စီးသွားမှုကို သွားရောက်ကြည့်ရှုပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က တာဝန်ရှိသူများကို လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်