နေပြည်တော်၊  နိုဝင်ဘာ ၈

 

နေပြည်တော်ကောင်စီကကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁) နာရီတွင် ဒက္ခိဏ သီရိမြို့နယ်၊ တောင်ဝိုင်းကြီးနေလသိဒ္ဓိဆုတောင်းပြည့်စေတီတော်၌ ကျင်းပရာ ဒက္ခိဏသီရိမြို့နယ်၊ သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ  ညောင်ကုန်းကျောင်းတိုက် ပဓနန ယက ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြသည်။

 

ရှေးဦးစွာ   နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဧည့်ပရိသတ်များက ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အခမ်းအနားမှူးက ပဋ္ဌာန်း ရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်သည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က သာသနာတော်ဆိုင်ရာများ လျှောက်ထားပြီး တာဝန်ရှိသူများနှင့်အတူ ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုး၊ ပရိတ်ရေများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်းသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိတ်သတ်များက ဆရာတော် သံဃာတော်များ ရွတ်ဖတ်တော်မူသည့် ငါးရံ့မင်းပရိတ်တော်ကို နာယူကြသည်။

 

ယင်းနောက် ဆရာတော်သံဃာတော်များဦးဆောင်၍ ပရိတ်သတ်အားလုံးက ပဋ္ဌာန်း ပစ္စယုဒေသ ပါဠိတော် သုံးကြိမ်ရွတ်ဖတ်ပူဇော်ကြပြီး  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

 

ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို နိုဝင်ဘာ (၈)ရက်မှ (၁၂)ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တောင်ဝိုင်းကြီးနေလသိဒ္ဓိ ဆုတောင်း ပြည့်စေတီတော် အနီးရှိ တည်ထားကိုးကွယ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်များကို လှည့်လည်ဖူးမျှော်ကြည်ညိုခဲ့သည်။

 

ထို့အတူ နံနက် ၉ နာရီကလည်း နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပသည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက် ပြီး သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး က သင်တန်း ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ MSME Association ဥက္ကဋ္ဌ ဦးကျော်စွာဝင်းက ဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အသင်း၏ ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် အသင်းမှ ဌာနသို့ အလှူ‌ငွေပေးအပ်၍ အသင်းသို့ သင်တန်းကုန်ကျစရိတ် လှူဒါန်းပေး သော လုပ်ငန်းရှင် နှစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

 

အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ သင်တန်းသား သင်တန်းသူ (၂၆)ဦးတက်ရောက်ကြပြီး သင်တန်းကို နိုဝင်ဘာ(၈)ရက်မှ (၁၂)ရက်အထိ ဖျော်ရည်မျိုးစုံ၊ ယိုမျိုးစုံ၊ ရေခဲမုန့်နှင့် ပေါက်ပေါက်ပြုလုပ်နည်းတို့ကို (၅)ရက်အကြာ စာတွေ့/ လက်တွေ့ သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)