ဇမ္ဗူသီရိ နိုဝင်ဘာ ၁၃
နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ သာယာကုန်းကျောင်းတိုက်၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရှားတောကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရ အရှင်သူမြတ် အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော် သာသနာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ ခရိုင်သာသနာရေးမှူး ဦးကျော်ဝင်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဧည့်ပရိတ်သတ်များက ဇမ္ဗူသီရိ မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရှားတောကျောင်းတိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့် ဂါထာကို ရွတ်ဖတ်ပူဇော်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့် ပရိတ်ရေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော်များ ရွတ်ဖတ်တော်မူသည့် ငါးရံ့မင်းပရိတ်တော်ကို နာယူကြည်ညိုကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်များဦးဆောင်၍ ဧည့်ပရိတ်သတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြ သည်။
ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို နိုဝင်ဘာလ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ငါးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)