နေပြည်တော်၊ ဧပြီ ၁၇
နေပြည်တော်ကောင်စီ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ် အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မှုကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုသည်။
ရှေးဦးစွာ နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်ထံမှ ကိုးပါသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ဖတ်သရဇ္ဈာယ် တော်မူသော အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီးတို့က နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရှားတောကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရ မထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြားကာ ရေစက်သွန်းချအမျှဝေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)