နေပြည်တော်   မေ ၅

 

နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ  ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဒုတိယ မြို့တော်ဝန်နှင့် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဘေးအန္တရာယ်တစ်ခုချင် းစီအလိုက် ကြိုတင်ပြင်ဆင်ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအစီအ စဉ်များပါဝင်သည့် နေပြည်တော်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်ကို  အသစ်ပြန်လည် ရေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း၊  နေပြည်တော်အတွင်း သဘာဝဘေး အန္တရာယ်များ ကြုံတွေ့လာ ပါက ပြည်သူလူထု၏အသက်၊ အိုးအိမ်၊ စည်းစိမ်များ၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှ လျော့နည်သက်သာစေရေး၊ ဘေးအန္တရာယ်များကို စနစ်တကျ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ နေပြည်တော်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များဖြစ်သည့် ကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင်ကာကွယ်ရေး၊ ပြန်လည်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် သက်ဆိုင်ရာလုပ် ငန်းကော်မတီများ၊ ဝန်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့အစည်းများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြား သည်။

 

ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းက သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က သဘာဝဘေး အန္တရာယ်ပတ်သက်၍ ကြိုတင်ဆောင်ရွက်ရမည့် အခြေအနေများ၊ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် အခြေအနေများနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြသည်။

 

ယင်းနောက် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

 

ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများနှင့်အတူ ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများမှာ ကျင်းပေါင်း ၅၀၀၀ လျာထားသည့်အနက်မှ မေ ၄ ရက်အထိ သဲနုန်းကျင်း ၈၇၀ တူးဖော် ပြီးစီး၍ ရာခိုင်နှုန်းအားဖြင့် ၁၇ ဒသမ ၄၀  ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)