တပ်ကုန်း ဒီဇင်ဘာ ၁၄
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ်အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနားဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အနော်ရထာရပ်ကွက်၊ မဟာဗောဓိစာသင်တိုက်၊ ရွှေရတု မဟာဗောဓိဗိမာန်တွင် ကျင်းပရာ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ မထေရ်မြတ်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်တို့က မဟာဗောဓိကျောင်းတိုက်၊ ရွှေရတုဗိမာန်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ဆီမီးနှင့် ရေချမ်းဆက်ကပ်ပူဇော်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တက်ရောက်လာကြသော ဧည့်ပရိသတ်များက တပ်ကုန်းမြို့၊ မဟာသီဟနာဒ ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တအာစိဏ္ဏ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး၊ အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သာသနာတော်ဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်၊ သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပရိတ်ပန်းအိုးနှင့် ပရိတ်ရေများ ဆက်ကပ်ပူဇော်သည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အလှူငွေများ လှူဒါန်းရာ ပဋ္ဌာန်းပွဲဖြစ်မြောက်ရေး ကော်မတီ၊ အနော်ရထာရပ်ကွက် အုပ်ချုပ်ရေးမှူးက လက်ခံပြီး ဆရာတော်၊ သံဃာတော်များဦးဆောင်၍ ပရိသတ်အားလုံးက ပဋ္ဌာန်း ပစ္စယုဒေသပါဠိတော် သုံးကြိမ်ရွတ်ဖတ် ပူဇော်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာ (၁၃) ရက်မှ (၁၇) ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိများသည် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ကလေးလူနာဆောင်၊ လူကြီးလူနာဆောင်နှင့် ဆေးရုံအတွင်းရှိ အောက်ဆီဂျင်ထုတ်စက်ရုံတို့ကို လှည့်လည်ကြည့်ရှုပြီး ဆေးရုံတွင် ဘက်စုံအသုံးပြုရန်အတွက် အလှူငွေကျပ် တစ်သိန်းနှင့် ဝန်ထမ်းများကို ဗုဒ္ဓရုပ်ပွားပုံတော်များ လက်ဆောင်ပေးအပ်ကာ မြို့နယ်အောင်ဆန်းခန်းမကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လူဦးရေ စာရင်းများ စိစစ်စာရင်းသွင်းနေမှု၊ ကွင်းအမှတ် (၁၃၁၉) ကွင်းမှ မြဝတီရပ်ကွက်အတွင်း စီးဝင်သည့် ရေဆိုးထုတ်မြောင်းပြုပြင်ရန်၊ မြို့တောင်ဘက်ရှိ မြို့အဝင်ဆိုင်းဘုတ် ပြောင်းရွှေ့တည်ဆောက်ရန် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်