နေပြည်တော် ဖေဖော်ဝါရီ ၂၁
နေပြည်တော်ကောင်စီကကြီးမှူး၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နှင့်ဇနီး တို့အမှူးပြုသော မိတ်ဆွေသင်္ဂဟများက လှူဒါန်းသည့် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ် (၄၃၂၀) တို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၆)နာရီခွဲတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသ မဟာထေရ်မြတ်အမှူးပြုသော ဆရာတော်ကြီး ကိုးပါးတို့ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး အမှူးပြုသော နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ နေပြည် တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဆရာတော်ကြီး ကိုးပါးတို့က ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွား တော်မြတ်(၄၃၂၀)ဆူ တို့အားဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူကြသည်။
ထို့နောက် သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက် ပဓါနနာယက ဆရာတော်ထံမှ ပရိတ်သတ်များက ငါးပါးသီ လခံယူဆောက်တည်၍ ဆရာတော် သံဃာတော်များ ရွတ်ဖတ်ပူဇော်အပ်သော မေတ္တာသုတ်ပရိတ်တရားတော်မြတ်များကို နာယူကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် အလှူရှင်များက ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး၊ တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာကြသည့်ဧည့်ပရိတ်သတ်များက နေပြည်တော်တိုင်း သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ သရက်ကုန်းကျောင်းတိုက် ပဓာနနာ ယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်ကြီးထံမှ အနုမောဒနာ တရားနာကြားကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီးအမှူးပြုသော အလှူရှင်များက နေပြည်တော်ကောင်စီရုံးရှိ ဝန်ထမ်းများ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီရုံးဝန်ထမ်းများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နေပြည်တော် တိုင်းစစ် ဌာနချုပ်ရှိ စစ်မှုထမ်းများ၊ နေပြည်တော်စည်ပင် သာယာဖွံ့ဖြိုးရေးဘဏ်ရှိ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများအတွက် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက လက်ခံရယူကြသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လိုဏ်ဂူတော် အတွင်း၌ ပထမအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် (၃၂၂၂)ဆူတို့အား ၂၀၂၂ခုနှစ် ဒီဇင်ဘာ (၂၀)ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် (၃၃၃၉)ဆူတို့အား ၂၀၂၃ ခုနှစ် ဇန်နဝါရီ(၂၃)ရက်တွင် လည်းကောင်း ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း အခမ်းအနားကိုကျင်းပပြီး လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်