နေပြည်တော် ဩဂုတ် ၂၉
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်ဦးစီး၍ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ စစ်ကြောင်းကြီးငါးကြောင်းသည် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ မဲပေါက်ကျေးရွာအုပ်စု ဂမုန်းတောင် ကျေးရွာသို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်သည် ခရီးစဉ်တွင် လိုက်ပါလာကြသည့် စစ်ကြောင်းကြီး ငါးကြောင်းတွင်ပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဂမုန်းတောင်ရွာဦး ကျောင်း၌ တွေ့ဆုံ၍ စစ်ကြောင်းကြီး ငါးကြောင်းတွင် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် အခြေအနေများ၊ မဲပေါက်ကျေးရွာအုပ်စုအတွင်းရှိ ဘုန်တော်ကြီး ကျောင်းများ၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများကို စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံသို့ သွားရောက်၍ ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံအခြေအနေ၊ ရေသိုလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့် ရေသိုလှောင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် စစ်ကြောင်းကြီး ငါးကြောင်းတွင် လိုက်ပါလာသည့် နေပြည်တော်ကောင်စီဝင် ဦးကျော်သိန်းဆိုင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာနမှထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်း များနှင့် ကလေးကစားစရာများကို ပျဉ်းမနားမြို့နယ် ဂမုန်းတောင် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြသည့် KG တန်းမှ ကျောင်းသား ကျောင်းသူများကို လည်းကောင်း၊ စားသောက်ကုန်ပစ္စည်းများကို Grade-1 မှ Grade 10 အထိ ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများကို လည်းကောင်း ပေးအပ်ကြပြီး ဆရာ ဆရာမများက အတန်းအလိုက် ကျောင်းသား ကျောင်းသူများအား ကျောင်းသင်ခန်းစာများ သင်ကြားပို့ချနေမှုကို ကြည့်ရှုအားပေး ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးကျော်သိန်းဆိုင်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ဦးစီးရုံးမှ တာဝန်ရှိသူများနှင့်အတူ ဂမုန်းတောင်ကျေးရွာရှိ ကျေးရွာသူ ကျေးရွာသားများနှင့် ကျောင်းသား ကျောင်းသူများအား ပန်းခင်းစီမံချက်(၂) ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်း ၃၈ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅၀ တို့ကို ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် စစ်ကြောင်းကြီးငါးကြောင်းတွင် လိုက်ပါလာသည့် ကျန်းမာရေးဝန်ကြီးဌာန ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဂမုန်းတောင် ကျေးလက်ကျန်းမာရေးဌာန၌ သံဃာတော်များနှင့် ကျေးလက်နေပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။
သတင်းစဉ်