ပျဉ်းမနား စက်တင်ဘာ ၂၅

 

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်း ပေးအပ်ထောက်ပံ့ခဲ့ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ မြန်မာ့နိုင်ငံ ဟာသပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌ ဦးဒိန်းဒေါင်နှင့် တာဝန်ရှိသူများနှင့်အတူ သစ်စိမ့်ပင်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအတွင်း ရေဝင်ရောက်မှုကြောင့် ပျက်စီးနစ်မြုပ်နေသည့် ရေတွင်းများ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများအား ကြည့်ရှုခဲ့ကြပြီး ပြည်သူများ ရေကောင်း၊ ရေသန့်ရရှိစေရန်အတွက် စေတနာရှင်ပြည်သူများနှင့် ပူးပေါင်း၍ အဝီစိရေတွင်းပေါင်း ၁၀၀ အား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအတွက် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် တာဝန်ရှိသူများသည် ဆင်သေကျေးရွာရှိ သာသနာ့ပုညကာရီ ရွာဦးကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူများအား သွားရောက်၍ အားပေးစကားပြောကြားပြီး နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် နေအိမ်မျောပါပျက်စီးမှု ၃၁ လုံးအတွက် တစ်အိမ်လျှင် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ကယ်ဆယ်ရေးပုံး တစ်ပုံးနှုန်းဖြင့် စုစုပေါင်း ကယ်ဆယ်ရေးပုံး ၃၁ ပုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် တာဝန်ရှိသူများသည် ဈေးကုန်းဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်၍ အားပေးစကား ပြောကြားပြီး မြန်မာ့နိုင်ငံ ဟာသပညာရှင်များအစည်းအရုံးနှင့် ခုနစ်ရက်သားသမီးများမှ အိမ်ထောင်စုတစ်စုလျှင် တစ်သောင်းကျပ်နှုန်းဖြင့် အိမ်ထောင်စု ၅၃၃ စုတို့အတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၅၃၃၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မျိုးသီဟ(ပြန်/ဆက်)