ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၇
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် ဇေယျဌာနီလမ်းမကြီးဘေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့က ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများက မြို့သန့်ရှင်းသာယာလှပစေရေးအတွက် သစ်ပင်၊ ချုံနွယ်၊ မြက်ပင်အမှိုက်များကို ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် ဇလောင်းကျေးရွာ တောင်သူ ဦးသောင်းလှိုင်၏ လယ်မြေသုံးဧကတွင် နွေစပါးထိုင်းနှံကောက်မျိုး စိုက်ပျိုးထားရှိမှု၊ တောင်သူ ဦးထွန်းဝေ၏ လယ်မြေ ၁၂ ဧကတွင် မိုးစပါးပေါ်ဆန်းစပါးမျိုးအား ရိတ်သိမ်းပြီး စပါးလမိုင်း ပြန်လည်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။
မှာကြား
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် မောင်ရမ်းကျေးရွာ ကွင်းအမှတ်(၁၈၈၅)တွင် ဖောင်းလောင်ဆည်မှ နွေစပါးစိုက်ပျိုးရန် ဆည်ရေ စတင်ပေးဝေနေမှုနှင့် စိုက်ပျိုးမြေများ ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တောင်သူများအား တစ်နှစ် သုံးသီး ရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေး၊ ပလပ်မြေမရှိအောင် စိုက်ပျိုးရေး၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ကြိုက်နှစ်သက်ရာ မျိုးကောင်းများကို ရွေးချယ်ကာ တစ်ချိန်တည်းစိုက်ပျိုးပြီး ရိတ်သိမ်းချိန် ဟန်ချက်ညီအောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးမြေများကို စနစ်တကျပြုပြင်နိုင်ရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ စိုက်ပျိုးရေများကို အကျိုးရှိရှိအသုံးပြုရေးနှင့် တာဝန်ရှိသူအနေဖြင့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)


