လယ်ဝေး ဇန်နဝါရီ ၂၁

 

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင် ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်၊ ရွှေပြည်သာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ရန်၊ သီးထပ်စွမ်းအားမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံများကို အောင်မြင်အောင် စိုက်ပျိုးရေး၊ စားအုန်းဆီအစား ဒေသထွက်ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစွာထွက်ရှိ၍ ဒေသတွင်း စားသုံးဆီဖူလုံရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်အကူအညီရယူ ဆောင်ရွက်သွားကြရန်၊ ပညာသင်ကြားရေးတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နိုင်ရေး၊ အတန်းစဉ်အလိုက် စဉ်ဆက်မပြတ် ကူးပြောင်းတက်ရောက် သင်ကြားနိုင်ရေးအတွက် မိဘ၊ ဆရာများ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ရန် မှာကြားဆွေးနွေးသည်။

 

ဆက်လက်၍ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင် ဦးဝင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ကျန်းမာရေး၊ ကျေးလက်လမ်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးများကို ကူညီဆောင်ရွက်မည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ရွှေပြည်သာကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာရွာမှ ဒေသခံပြည်သူများက စိုက်ပျိုးရေး၊ မွေးမြူရေး ကိစ္စလိုအပ်ချက်များ တင်ပြဆွေးနွေးရာ နေပြည်တော်ကောင်စီဝင်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ရွှေပြည်သာကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျောင်းသားကျောင်းသူများ တန်းစဉ်ကူးပြောင်းရေးတိုးတက်ရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

ဝေကြည်(ပြန်/ဆက်)