နေပြည်တော် မတ် ၃၁

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် ညောင်ပင်သာ ကျေးရွာတွင် ကျင်းပသည့် ပေါင်းလောင်းဆင်စာ သစ်တောကြိုးဝိုင်းအတွင်း သစ်တောကြိုးဝိုင်းမြေမှ ပယ်ဖျက်ပေးခဲ့သည့် စိုက်ပျိုးလုပ်ကိုင်နေသော လယ်မြေများအတွက် တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးထားရှိသော လယ်ယာမြေများအား လယ်ယာမြေဥပဒေနှင့်အညီ တောင်သူများ လက်ဝယ်သို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ ပေါင်းလောင်းဆင်စာ သစ်တော ကြိုးဝိုင်းအတွင်းမှ ပယ်ဖျက်ပေးခဲ့သည့်ကျေးရွာ ၁၂ ရွာဖြစ်သည့် အောင်သပြေ၊ နနွင်းအိုင်၊ သရက်ချောင်း၊ ပေါင်းလောင်း၊ ရွှေပြည်သာ၊ လက်ပံတန်း၊ ဗောဓိကုန်း၊ ဟေမာန်၊ အင်တိုင်းသာ၊ သစ်ကိုးပင်၊ ညောင်ပင်သာ၊ အောင်ချမ်းသာ ကျေးရွာများတွင် လက်ရှိစိုက်ပျိုး လျက်ရှိသော လယ်မြေဧရိယာ ၄၄၂၂ ဒသမ ၆၆ ဧကအား ကွင်းဖွဲ့ တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ ပြီး ကျေးရွာနှစ်ရွာမှ တောင်သူ ၃၀၆ ဦး၏ လယ်မြေ ၉၆၀ ဒသမ ၆၁ ဧက ဦးပိုင်ပေါင်း ၄၈၈ ဦးပိုင် အား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်သည့်ကျေးရွာများကိုလည်း ထုတ်ပေးနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့၏ လယ်မြေများတွင် အရည်အသွေး ကောင်းမွန်၍ အထွက်နှုန်းများသည့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းပြည့်မီရေး စနစ်တကျ ကြိုးပမ်းစိုက်ပျိုးခြင်းဖြင့် လူမှုစီးပွား ဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ လယ်ဝေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရက လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက တောင်သူများအား လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်ပုံစံ (၇)များ ပေးအပ်သည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ် အင်တိုင်းသာကျေးရွာ ကွင်းအမှတ် ၂၂၁၅၊ တောင်သူ ဦးမှတ်ကြီး၏ လယ်မြေ ငါးဧကတွင် နွေစပါး နှံကောက်မျိုးအား လက်ဆွဲဆီဒါဖြင့် မျိုးစေ့ချစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးကာ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး နည်းစနစ်တကျစိုက်ပျိုးရေး ဆွေးနွေးပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင်သည် ပေါက်မြိုင် ကျေးရွာကွင်းအမှတ် ၁၇၄၆ တောင်သူ ဦးစိုးလင်း၏ လယ်မြေ ၁၀ ဧကတွင် နွေစပါးနှံကောက်မျိုးများ ဆီဒါဖြင့် စိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)