နေပြည်တော်    ဧပြီ    ၁၀

 

၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်ထောင်စုနယ် မြေ နေပြည်တော်ရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ ပိုမိုပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန်အတွက် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ခမ်းခမ်းနားနားနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

 

အဆိုပါ  နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို   သင်္ကြန်အကြိုနေ့မှစတင်၍ ပျဉ်းမနား - တောင်ညို လမ်းမပေါ်ရှိ နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်အနီးမှ  စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ  ဇုန်များသတ်မှတ်ကာ  ဝန်ထမ်းများနှင့် ပြည်သူများအားလုံး ချစ်ကြည်ရင်းနှီးစွာဖြင့် ပျော်ရွှင်မှု ရရှိစေရန်ရည်ရွယ်၍ ခေတ်နှင့် အညီ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လမ်းလျှောက်သင်္ကြန်အတွင်း ထူးခြား၍ ခမ်းနားမှုရှိစေရန် ဇုန်လေးဇုန် သတ်မှတ်ထားကြောင်း၊  ဇုန်(၁)အတွင်း သနပ်ခါးသင်္ကြန်၊  ဇုန်(၂)အတွင်း   တိုင်းရင်းသားသင်္ကြန်၊ ဇုန်(၃) အတွင်း မြန်မာမှု မပျောက်ပျက်စေရန်နှင့် နိုင်ငံတကာအဆင့်တန်းမီ အလှပြ ဖျော်ဖြေရေးအစီအစဉ်များနှင့်   ဇုန်(၄)အတွင်း  လူငယ်နှင့်   ကလေးငယ်များ အတွက်  လူငယ်ဂိမ်းသင်္ကြန်အစီအစဉ် များ     ထည့်သွင်း စီစဉ်ထားကြောင်း Brilliant Aura Co.,Ltd မှ Business Development Director ဒေါ်ဆုမြတ်လွင် က ပြောသည်။

 

 “သနပ်ခါးသင်္ကြန်ဆိုတာက အလွန် ထူးခြားတဲ့အစီအစဉ်လေးပါ။ ဘယ်မှာမှ မလုပ်ခဲ့ဘူးသေးပါဘူး။   သနပ်ခါးတွေ လိမ်းခြယ်ပြီး ပျော်ပါးလို့ရအောင် စီစဉ် ပေးခြင်းဖြစ်ပါတယ်။    တိုင်းရင်းသား သင်္ကြန်ဇုန်မှာတော့    တိုင်းရင်းသား ယဉ်ကျေးမှုတွေကို ပြသမှာပဲဖြစ်ပါတယ်။ ဂိမ်းဇုန်မှာတော့ ခေတ်မီတဲ့ Colour Party တွေ၊ ကစားတဲ့နေရာတွေ၊ Foam Party တွေနဲ့ ဂိမ်းအစီအစဉ်တွေအများကြီး စီစဉ် ထားပါတယ်။ လာလည်မယ်ဆိုရင် မပျင်း ရလေအောင် ကဏ္ဍပေါင်းစုံထည့်သွင်းထားပါတယ်”ဟု ၎င်းက ပြောသည်။

 

နေပြည်တော်လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံမှ   ဆောင်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်းနီးပါး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ လူငယ်များသာမက လူကြီးများ ပါ ပျော်ပျော်ရွှင်ရွှင်နှင့် ပေါ့ပေါ့ပါးပါးဖြစ်စေ ရန်      သေချာဂရုစိုက်ပြင်ဆင်လျက်ရှိ ကြောင်း၊          သင်္ကြန်အကြိုနေ့တွင် နေပြည်တော်     လမ်းလျှောက်သင်္ကြန်ကို နံနက်ပိုင်းမှစတင်၍   ဖွင့်လှစ်မည်ဖြစ် ကြောင်း၊ မွန်းတည့် ၁၂ နာရီနောက်ပိုင်းတွင် ပိုမိုထူးခြားဆန်းသစ်သည့် အစီအစဉ် ကောင်းများလည်းရှိကြောင်း သိရသည်။

 

“သင်္ကြန်အကျနေ့ကစပြီး နံနက် ၉ နာရီမှာ လမ်းလျှောက်သင်္ကြန်စဖွင့်ပါမယ်။ နေ့လယ်ပိုင်းမှာ တစ်ခေါက်နားပြီး မွန်းလွဲ ၃ နာရီကနေ ည ၇ နာရီခန့်အထိ ဖျော်ဖြေ ရေးအစီအစဉ်တွေနဲ့ တခြားအစီအစဉ်တွေ ဆောင်ရွက်သွားမှာ            ဖြစ်ပါတယ်။ လာရောက်လည်ပတ်တဲ့သူတွေအနေနဲ့ လည်း ဂိမ်းတွေဆော့မယ်။  နောက်ပြီး ဈေးဆိုင်ခန်းတွေမှာ မိမိကြိုက်နှစ်သက်တဲ့အစားအစာတွေကို စိတ်ကြိုက်စားလို့ ရပါမယ်။ စတုဒိသာ မဏ္ဍပ်တွေမှာလည်း စားသုံးလို့ရမယ့်အပြင်  ဖျော်ဖြေရေးအစီ အစဉ်တွေကိုလည်း ကြည့်ရှုလို့ရမှာဖြစ်ပါတယ်” ဟု  Business Development Director ဒေါ်ဆုမြတ်လွင်က ပြောသည်။

 

ထို့ပြင်  လမ်းလျှောက်သင်္ကြန်အား လာရောက်လည်ပတ်သူများအနေဖြင့် နိုင်ငံတကာအဆင့်မီ ပျော်ရွှင်စေလိုသည့် အတွက် ခေတ်မီစွာ ပြင်ဆင်ထားကြောင်း၊ ဝင်ကြေးအနေဖြင့် လူကြီး ငွေကျပ် ၃၀ဝ၀ နှင့် ကလေး ငွေကျပ် ၁၀ဝ၀ သတ်မှတ် ထားကြောင်း သိရသည်။

 

 “ဝင်ကြေးပေးပြီးရင် နိုင်ငံတကာပွဲ တွေအတိုင်း ဝင်ခွင့်လက်ပတ်လေးတွေ ပြန်လည်ပေးမှာဖြစ်ပါတယ်။ ဒီလက်ပတ်တွေမှာလည်း  Day 1, Day 2, Day 3 ဆိုပြီးရှိပါတယ်။   Day 1 ဝင်ကြေး လက်ပတ်ကို ဝယ်ပြီးသွားရင် တစ်နေကုန် ဆော့လို့ရပါမယ်။ လူကြီးနဲ့ ကလေးငယ် တွေအတွက်   ပျော်စရာ ကောင်းတဲ့အစီအစဉ်ဖြစ်တဲ့ ရေလွှာလျှောစီးတွေပါမယ်။ ဆပ်ပြာမှုန့်အမြှုပ်တွေနဲ့  ကစားလို့ရတဲ့ ပါတီတွေလည်း         ပါမှာဖြစ်ပါတယ်။ ကာလာပါတီမှာဆိုရင် DJ  Music တွေနဲ့ ရောင်စုံအမှုန့်တွေ ပက်ဖျန်း ကစားလို့ရပြီး လူငယ်တွေပျော်ဖို့အတွက် စီစဉ်ထားပါ တယ်။ နောက်ထပ် ပေ ၁၅၀ အရှည်ရှိတဲ့ လူကြီးတွေစီးတဲ့   ရေလွှာလျှောစီးပါ ထည့်ထားပါတယ်။  ကလေးတွေအတွက် ပျော့အိအိ ကစားကွင်းလည်း  ပါဝင်မှာ ဖြစ်ပါတယ်။   လူငယ်ရော လူကြီးပါ ကစားလို့ရတဲ့   ရေကူးကန်ကြီးလည်း ပါဝင်မှာဖြစ်တဲ့အတွက်  အသစ်အဆန်း ဖြစ်ပြီး ပျော်စရာလည်းကောင်းတဲ့  အစီ အစဉ်လေး ဖြစ်စေမယ်လို့ ထင်ပါတယ်။

 

နောက်ပြီး လမ်းလျှောက်သင်္ကြန်မှာ အန္တရာယ်ဖြစ်စေမယ့် လက်နက်ကိရိယာတွေ မယူဆောင်လာဖို့ သတိပေးချင်ပါ တယ်။         ပြင်ပအစားအသောက် သယ်ဆောင်တာတွေ၊   တစ်ယောက်နဲ့ တစ်ယောက်   အိ‌န္ဒြေပျက်ပြားစေမယ့် အပြုအမူတွေ၊ အရက်သေစာ  အလွန်အကျွံ သောက်သုံးတာတွေကို ထိန်းသိမ်းပေးဖို့ အတွက် မေတ္တာရပ်ခံလိုပါတယ်။ တားမြစ် ချက်တွေ      အလွန်တင်းကျပ်တာတွေ မလုပ်ထားပါဘူး။ အားလုံးလွတ်လွတ်လပ် လပ်ပေါ့ပေါ့ပါးပါးနဲ့ ပျော်စေချင်ပါတယ်။ ဒီလမ်းလျှောက်သင်္ကြန်ကို   လာရောက် လည်ပတ်တဲ့အခါ  တစ်နေရာတည်းမှာ တစုတစည်းတည်း       နိုင်ငံတကာ အဆင့်မီ   ကစားစရာတွေ၊  စားစရာတွေ ပါဝင်မှာဖြစ်ပါတယ်။  ကလေးတွေအတွက် ဆိုရင်လည်း သင်္ကြန်ဆိုတဲ့ အဓိပ္ပာယ်ကို မိသားစုတွေနဲ့အတူတူ ပုံဖော်ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်။ နားနေနိုင်တဲ့ နေရာ တွေလည်း စီမံပေးထားပါတယ်။ ဖျော်ဖြေ ရေးအစီအစဉ်တွေကအစ အားလုံးအတွက် ပျော်စရာကောင်းပြီး အဆင့်မီတဲ့ ပွဲလေး တစ်ခုဖြစ်မယ်လို့  ယုံကြည်တဲ့အတွက် လာရောက်လည်ပတ်ဖို့အတွက် ဖိတ်ခေါ် ချင်ပါတယ်”ဟု ၎င်းက ပြောသည်။

 

ထို့ပြင် နေပြည်တော်လမ်းလျှောက် သင်္ကြန် ပိုမိုစည်ကားသိုက်မြိုက်စေရန်အတွက် ဝန်ကြီးဌာနအလိုက် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်များ၊ တိုင်းရင်သား ရိုးရာသင်္ကြန် မဏ္ဍပ်တို့တွင်လည်း နိုင်ငံ ကျော်သရုပ်ဆောင်များ၊ အဆိုတော်များ၏ တေးသီချင်း ဖျော်ဖြေမှုများနှင့်  ဝန်ကြီး ဌာနများမှ ယိမ်းအကဖွဲ့များ၏ အကအလှ များကိုခံစား၍ ပျော်ရွှင်စွာရေပက်ကစား နိုင်မည့်အပြင်  စတုဒိသာမဏ္ဍပ်များ၌ လည်း အစားအစာများ စားသုံးနိုင်ကြောင်း သိရသည်။

သတင်း - အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - အေးသန်း