နေပြည်တော်၊ မတ် ၇
နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက နိုင်ငံတော်၏ စားရေရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးမြေများ မလျော့ပါးစေရေးနှင့် စားရေရိက္ခာနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လယ်ယာမြေကို ထိရောက်စွာ အသုံးပြုရန်လိုအပ်ကြောင်း၊ နေပြည်တော်အတွင်းရှိ လယ်ယာမြေအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးချနိုင်ရေးအတွက် စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး လယ်ယာမြေစီမံခန့်ခွဲမှု လုပ်ငန်းများကို ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက လယ်ယာမြေစီမံခန့်ခွဲမှု လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးက နေပြည်တော်အတွင်း လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ဆုံးဖြတ်ရန် အချက်များ ကိုတင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာအစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်