နေပြည်တော်၊ ဧပြီ ၄
၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်၊ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊ မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဒေါက်တာမောင်မောင်နိုင်က အတာသင်္ကြန်ပွဲ တော်ကာလအတွင်း အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့စွာဖြင့် စိတ်အပန်းဖြေနိုင်စေရန်အတွက် စည်ကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် လုံခြုံရေးလစ်ဟင်းမှု မရှိစေရေး အလေးထားဆောင်ရွက်ကြရန်၊ ကော်မတီအသီးသီမှ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လုံခြုံရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး၊ ရေရရှိရေးနှင့် ရေပက်ကစားရေး ဆပ်ကော်မတီ၊ ဖျော်ဖြေရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာရေး နှင့် သန့်ရှင်းရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ယခင်နှစ် အတာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ယခုနှစ်တွင် ဆောင်ရွက်မည့် အစီအစဉ်များနှင့် လက်ရှိဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မဟာသင်္ကြန်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော် တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်အနီးတွင် မတ် ၃၁ ရက် နံနက် ၇ နာရီခွဲခန့်၌ အဖြူရောင် ပလတ်စတစ်အိတ်အတွင်း အနက်ရောင် တိပ်ပတ်လျက် လက်လုပ်မိုင်းဟု ယူဆရသော ပစ္စည်း (၁)ခု တွေ့ရှိခဲ့၍ လုံခြုံရေးအဖွဲ့များက လက်လုပ်မိုင်း ရှင်းလင်းခဲ့ရာ နံနက် ၉ နာရီအချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွား၍ အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ယာဘက်ရင်ညွန့် ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ တစ်ချက်(မစိုးရိမ်ရ)တို့ဖြင့် နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ထန်းတောကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတိုင်းချစ်အား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားကာ အာဟာရဖြည့် အစားအစာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
