နေပြည်တော် ၃  ဇွန် 

 

၂၀၁၉-၂၀၂၀ခုနှစ် ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား/ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ လာရောက်ကျောင်းတက်ကြသည်။

 

MNA_2

 

နေပြည်တော် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်စီစီဝင်းက “ဒီနှစ်ကသင်ကြားရေး စာအုပ်တွေကို အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းအကုန်ပေးပါတယ်။ မူလတန်းမှာဆိုရင် ကျောင်းသားတစ်ဦးကို ဗလာစာအုပ် တစ်ဒါဇင် အခမဲ့ပေးပါတယ်။ ဒီနေ့ကျောင်းစဖွင့်တဲ့နေ့ကနေ စာသင်နှစ်တစ်နှစ်လုံး ကျောင်းသားတွေအားလုံးကို စည်းကမ်းကောင်းပြီး လိမ္မာယဉ်ကျေးတဲ့ကလေးတွေ ဖြစ်အောင်နဲ့ စာပေမှာထူးချွန်ထက်မြက်တဲ့ လူတော်လူကောင်းတွေဖြစ်အောင် မွေးထုတ်ပေးဖို့ ကျွန်မတို့ကျောင်းကဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေအားလုံးက ကြိုးစားနေပါတယ်။ ကျောင်းသွားကျောင်းပြန် အဆင်ပြေအောင်လည်း ကျောင်းကား တွေကို နိုင်ငံတော်ကစီစဉ်ပေးထားပါတယ်။ စာသင်ကြားရေးမှာလည်း ကြိုတင်ပြင်ဆင် ထားတဲ့အတွက် သင်ကြားပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟုပြောသည်။

 

MNA_2

 

ယခုနှစ် ပညာသင်နှစ်တွင် အသက် ၅ နှစ်ပြည့်ကလေးငယ်များကို KG တန်း တွင်လည်းကောင်း၊ အသက် ၆ နှစ်ကလေးငယ်များကိုပထမတန်း Grade 1 တွင်လည်းကောင်း ကျောင်းအပ်လက်ခံဆောင်ရွက်ရန် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။

 

MNA_2

 

အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် Grade-7 တက်ရောက်မည့် ကျောင်းသားမိခင် ဒေါ်ချစ်ချစ်ဇံက “ကျွန်မက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ကဝန်ထမ်းပါ။ ပိတောက်အိမ်ရာမှာ နေပါတယ်။ ကလေးကGrade-7 တက်ရမှာပါ။ ကျောင်းအပ်ရတာအဆင်ပြေပါတယ်။ ဖတ်စာအုပ်တွေလည်း ပေးပါတယ်။ ကလေးကိုတော့ ပညာတတ်ကြီးဖြစ်စေချင်ပါတယ်။ ကျောင်းကဆရာဆရာမတွေကလည်း စာအသင်အပြကောင်းပါတယ်။ ဒီနေ့ကျောင်းစဖွင့်တဲ့နေ့မှာကလေးက သူငယ်ချင်းတွေနဲ့ ပြန်ဆုံတွေ့ခွင့်ရတော့ ပျော်နေတယ်” ဟုပြောသည်။

 

MNA_2

 

ယနေ့တွင် ပြည်ထောင်စုနယ်မြေအတွင်းကားလမ်းမကြီးများနှင့် နီးစပ်ရာ ကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာ ကျောင်းတက် ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ကူညီဆောင် ရွက်ပေးနေသည်ကိုလည်း တွေ့ရသည်။

 

အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် Grade 8တက်ရောက်မည့် ကျောင်းသားမိခင် ဒေါ်ခင်မိုးက“ကျွန်မကဝန်ထမ်းဆိုတော့ ကလေးကိုကျောင်းစောစော ရောက်အောင်နဲ့ စာသင်ခန်းသိအောင် လိုက်ပို့ပေးတာပါ။ ဒီကျောင်းမှာက သူငယ်တန်း ကတည်းကထားလာတာ။ သင်ကြားရေးဘက်မှာ ဆရာဆရာမတွေ ကောင်းကြတယ်။ ကလေးတွေလည်းတစ်ဦးနှင့်တစ်ဦး စည်းစည်းလုံးလုံး ရှိကြပါတယ်။ ကလေးတွေကို ဂရုတစိုက်နဲ့ ကျန်းမာရေးကောင်မွန်အောင် ကျောင်းသန့်ရှင်းရေးကအစ သန့်သန့်ရှင်းရှင်းနဲ့ လုပ်ပေးစေချင်ပါတယ်။ တော်တဲ့ကလေးရော မတော်တဲ့ကလေးကိုရော လက်တွဲခေါ်ယူပြီး သင်ကြားပေးစေချင်ပါတယ်” ဟုပြောသည်။

 

MNA_235

 

အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုတွင် အခမဲ့ဖြစ်သည့်အပြင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသုံးစာအုပ်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ သည်။ ယခုနှစ် ကျောင်းအပ်ချိန်တွင် အခြေခံကျောင်းများ အားလုံးတွင် ကျောင်းအပ် လက်ခံရာ၌ ကျောင်းလခ၊မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေး ကရိယာကြေး၊ စာကြည့်တိုက်ကြေးများအပါအဝင် မည်သည့် အခကြေးငွေမှ ကောက်ခံ ခြင်းမရှိပါကြောင်း သိရသည်။ 

 

MNA_23

 

အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် တတိယတန်းနှင့် KG တန်းတက်ရောက်မည့် ကျောင်းသားနှစ်ဦး၏မိခင် ဒေါ်အေးဖြူကလည်း “သားတွေက တတိယတန်းမှာတစ်ဦး KG တန်းမှာတစ်ဦးပါ။ ကျောင်းသားဟောင်းဆိုတော့ ကျောင်းတက်ရတာအဆင်ပြေပါတယ်။ တတိယတန်းမှာတော့ ကျောင်းကဗလာစာအုပ် တစ်ဒါဇင်နဲ့ ဖတ်စာအုပ်တွေ ထောက်ပံ့ပေးပါတယ်။ အကြိုအပို့ ကျောင်းကားကို နိုင်ငံတော်က စီစဉ်ပေးတဲ့အတွက် အဆင်ပြေတယ်။ ကျွန်မတို့ဘက်ကိုကျောင်းကား တစ်စီးပဲရတဲ့ အတွက် အကြိုအပို့ကျောင်းကားတွေ ဒီထက်မကစီစဉ်ပေးနိုင်ရင် ပိုကောင်းမှာပါ" ဟု ပြောသည်။

 

MNA_2

 

အခြေခံပညာဦးစီးဌာနတွင် အခြေခံပညာကျောင်းပေါင်း (၄၇၀ဝ၅) ကျောင်း၊ ကျောင်းအုပ်ကြီးများအပါအဝင် သက်ကြားရေးဆရာဆရာမဦးရေ (၄၀၄၄၄၄) ဦးနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသားကျောင်းသူများ အပါအဝင် စုစုပေါင်းကျောင်းသားကျောင်းသူဦးရေ ၉ ဒသမ ၇ သန်းကျော်ကအခြေခံပညာရေးအဆင့်တွင် သင်ကြားလျက်ရှိကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။ 

 

ဟန်လင်းနိုင်၊ ဓာတ်ပုံ- ကိုထိန်

 

MNA_23