နေပြည်တော် ဇူလိုင် ၁၃

 

နေပြည်တော်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းနှင့် အောင်ချက်အကောင်းဆုံးမြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲကို ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၊ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

 

ဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက လူချွန်လူကောင်း သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး အောင်ချက်အကောင်းဆုံး မြို့နယ်သုံးမြို့နယ်နှင့် ခြောက်ဘာသာဂုဏ်ထူးရရှိကြသည့် ကျောင်းသား ကျောင်းသူ သုံးဦးတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ခြောက်ဘာသာ၊ ငါးဘာသာ၊ လေးဘာသာဂုဏ်ထူး ရရှိကြသည့် ကျောင်းသား ကျောင်းသူများ၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေနံသာနှင့် ဂုဏ်ထူး ရရှိအောင် သင်ကြားပေးခဲ့သည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေနံသာမှ ဆရာမတစ်ဦးတို့အား ဂုဏ်ပြုဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ကာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကိုယ်စား ခြောက်ဘာသာ ဂုဏ်ထူးရှင် မဆုလင်းနွယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ထူးများရရှိကြသည့် ကျောင်းသား ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးဆုရ မြို့နယ်များမှ ပညာရေးမှူးများ၊ အောင်ချက်အကောင်းဆုံးဆုရ ကျောင်းများမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

နေပြည်တော်မှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ ငါးဘာသာ ၂၅ ဦး၊ လေးဘာသာ ၄၇ ဦး၊ သုံးဘာသာ ၁၂၅ ဦး၊ နှစ်ဘာသာ ၂၇၉ ဦး၊ တစ်ဘာသာ ၉၈၅ ဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၁၄၆၇ ဦးရှိပြီး အောင်ချက်အကောင်းဆုံး ပထမဆုရ ဒက္ခိဏသီရိမြို့နယ်၊ ဒုတိယဆုရ ပျဉ်းမနားမြို့နယ်နှင့် တတိယဆုရ တပ်ကုန်းမြို့နယ်၊ အောင်ချက်အကောင်းဆုံးဆုရ အခြေခံပညာ အထက်တန်း(ခွဲ) ရွှေနံ့သာကျောင်း တစ်ကျောင်းနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေနံ့သာမှ ဆရာမတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)